သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Water စကားလုံး အီဒီယံအသုံးအနှုန်းများ


ဒီတပတ် တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်း စကားလုံးများကတော့ hot water, to throw cold water, deep water, water of a duck's back, hold water, နဲ့ make mouth water တို့ ဖြစ်ကြပါတယ်။

Hot water (ရေနွေး), cold water (ရေအေး), deep water (ရေနက်) စသဖြင့် အသုံးအနှုန်းတွေဟာ ရိုးရိုးရေနီးပါး အသုံးများပါတယ်။ ထူးခြားတဲ့ အချက်တချက်ကတော့ ဒီအသုံးအနှုန်းတွေ အားလုံးဟာ အခြေအနေသိပ်မလှကြတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ကြပါတယ်။

ဥပမာအားဖြင့် in the hot water ဆိုတဲ့ အသုံးအနှုန်းဟာ ဒုက္ခ အကြီးအကျယ် ရောက်နေတယ်လို့ အဓိပ္ပါယ်ရပါတယ်။ In (အထဲမှာ)၊ Hot (ပူသော) Water (ရေ) တို့ဖြစ်ပြီး ရေနွေးထဲရောက်နေတယ်လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။

လက်တွေ့ဘဝမှာတော့ ဒုက္ခအကြီးအကျယ်ရောက်နေတယ်ဆိုရင် ဒီအသုံးအနှုန်းကို သုံးစွဲနိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

"Joe is really in hot water now. His girlfriend just found out he is seeing another woman."
"Joe တယောက်တော့ ဒုက္ခအကြီးအကျယ်ရောက်နေပြီ။ သူ နောက်အမျိုးသမီးတယောက်နဲ့ တွဲနေတာ သူ့ရည်းစားက သိသွားပြီ။"

In the hot water က ဒုက္ခထဲရောက်နေတယ် ဆိုတဲ့ အဓိပ္ပါယ်ရလို့ ဆန်ကျင်ဖက်ဖြစ်တဲ့ cold water ဆိုတဲ့ ရေအေးကရော ကောင်းတဲ့ အဓိပ္ပါယ်ဆောင်မလားလို့ ယူဆစရာရှိပါတယ်။ ဒီလိုမှတ်ယူလို့ မရပါဘူး။ အထူးသဖြင့် to throw cold water ဆိုတဲ့ အသုံးအနှုန်းမှာ
To Throw (ပစ်သည်) Cold (အေးသော) Water (ရေ) ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရေအေးနဲ့ ပတ်လိုက်တယ် ဖြစ်ပေမယ့် အီဒီယံအဓိပ္ပါယ်ကတော့ "အကြံဉာဏ်တခုခု စွမ်းဆောင်ချက်တခုခုကို အားမပေးတဲ့ သဘော" ဖြစ်ပါတယ်။ တနည်းအားဖြင့် ထတောက်တော့မယ် ဟန်ပြင်နေတဲ့ မီးကို ရေနဲ့ပတ်ပြီးငြိမ်းလိုက်တဲ့ သဘောမျိုးဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

"Everybody in office thought my idea was great, but the boss threw cold water on it."
"ရုံးမှာ လူတိုင်းက ကျနော့်အကြံပေးချက်ဟာ တကယ့်ကိုကောင်းတယ်လို့ ယူဆကြပေမယ့် ဌာနအကြီးအကဲကတော့ သဘောကျပုံ မပေါ်လို့ အားမပေးဘူး။"

နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ deep water ဖြစ်ပါတယ်။ Deep (နက်သော) water (ရေ) ဆိုတော့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရေနက် ဖြစ်ပေမယ့် သွယ်ဝိုက်ပြောဆိုတဲ့ အီဒီယံမှာတော့ အန္တရာယ်လို့ အဓိပ္ပါယ်ရပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ အောက်ပါ ဥပမာကို လေ့လာကြည့်ရအောင်။

"If Betty keeps going around with all those worthless men, she'd end up in deep water"
"Betty ဟာ အခုလို ပုံစံအတိုင်း အခြေတကျမရှိတဲ့ ယောကျ်ားတွေနဲ့ တွဲသွားတွဲလာ လုပ်နေရင်တော့ သူမ တနေ့ ကောင်းကောင်းကြီး ဒုက္ခတွေ့လိမ့်မယ်။"

နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးကတော့ water of a duck's back ဖြစ်ပါတယ်။ Water Off (တပါးသို့) Duck (ဘဲ) Back (ကျော) ဆိုတော့ ဘဲတကောင်ရဲ့ နောက်ကျောပေါ်ကရေ အောက်ကို ကျသွားတယ်လို့ တိုက်ရိုက်အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံ ဘန်းစကားအသုံးမှာတော့ "အကျိုးမရှိ အရာမထင်" လို့ ဆိုနိုင်ပါတယ်။ ရေဘဲဝမ်းတွေရဲ့ အမွေးတွေက မိုးကာအင်္ကျီလို့ ရေတွေမတင်အောင် လုပ်နိုင်တဲ့ အစွမ်းရှိတဲ့အတွက်ကြောင့် အကျိုးမရှိ အရာမထင်တဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ အောက်ပါ ဥပမာကို လေ့လာကြည့်ရအောင်။

"I keep telling my friends it's foolish to gamble all his pay, but it likes water off a duck's back."
"သူရတဲ့ လခတွေ ပြောင်းအောင် လောင်းကစားလုပ်တာတော့ အရမ်းမိုက်မဲတယ်လို့ ကျနော့် မိတ်ဆွေသူငယ်ချင်းကို တဗြစ်တောက်တောက် ပြောခဲ့တယ်။ ဒီလိုလုပ်ဆောင်တာ ဘာမှအကျိုးမရှိဘူး။ သဲထဲရေသွန်းလိုက်သလိုပါဘဲ။"

နောက်ထပ် အီဒီယံအသုံးက hold water ဖြစ်ပါတယ်။ Hold (ထည့်ထားနိုင်သည်)၊ Water (ရေ) ဆိုတော့ ရေကို ထည့်သွင်းသိမ်းဆည်းထားခြင်းလို့ တိုက်ရိုက်အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်။ တနည်းအားဖြင့်တော့ ထည့်ထားတဲ့ ခွက်ထဲက ရေက အပြင်ကို စိမ့်မထွက်ဘူးဆိုရင် ခွက်ကလုံတဲ့ သဘောဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ "ပြောဆိုတာ ယုံနိုင်စရာရှိတာကို ဆိုလိုပါတယ်"။ ဒါပေမယ့် သိမ်းဆည်းထားတဲ့ခွက်က မလုံခဲ့ရင် ရေစိမ့်ထွက်သလို ပြောဆိုတာလည်း ယုံစရာမရှိခဲ့ရင် "does not" ဆိုတဲ့ negative တွဲပြီး "does not hold water" ဆိုရင်တော့ ခွက်ကမလုံတာ၊ အပြင်ကို ရေစိမ့်ထွက်တယ်လို့ ဆိုနိုင်ပါတယ်။ အီဒီယံမှာတော့ ပြောတဲ့ဆင်ခြေစကားက မခိုင်လုံ၊ ယုံနိုင်စရာမရှိတာ၊ စောဒကတက်တာ၊ ဖြီးဖြန်းတာ စသဖြင့် အဓိပ္ပါယ်ရပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာတခုကို လေ့လာကြည့်ရအောင်။

"That excuse simply does not hold water."
"အဲဒီ ဆင်ခြေပေးတာကတော့ လုံး၀ ကလိမ်စေ့ငြမ်းဆင်တာဘဲ။"

နောက်ဆုံး ရေနဲ့ပတ်သက်တဲ့ အီဒီယံအသုံးကတော့ make mouth water ဖြစ်ပါတယ်။ Make (ပြုလုပ်သည်)၊ Mouth (ပါးစပ်)၊ Water (ရေ) ဆိုတော့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပါးစပ်ကရေထွက်ခြင်း ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ စားစရာမြင်ရင် သွားရည်ကျတယ် လို့ ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာတခုကို လေ့လာကြည့်ရအောင်။

"The roasted duck that restaurant serves is my favorite dish. Every time I think about it, it makes my mouth water."
"ဒီ ပျော်ပွဲစားရုံ စားသောက်ဆိုင်က ရောင်းတဲ့ ဘဲကင် ကတော့ ကျနော်အကြိုက်ပဲဗျာ။ ဒီ ဘဲကင်အရသာကို တွေးမိတိုင်း သွားရည်တွေ ကျမိတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG