အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) သမ္မတ ဖြစ်လာပြီးကတည်းက အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံတည်း အစိုးရ ကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုအတွက် အမေရိကန် အထူးသံတမန် စတီဖင် ဘော့စ်ဝါ့သ် (Stephen Bosworth) ဟာ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကနေ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်ကို ရောက်ရှိလာခဲ့ပါတယ်။
ရပ်ဆိုင်းနေတဲ့ မြောက်ကိုရီးယား နျူကလီးယားဆိုင်ရာ ၆ နိုင်ငံ ဆွေးနွေးပွဲကို မြောက်ကိုရီးယား အနေနဲ့ ပြန်လာဖို့ ရည်ရွယ်ချက်ရှိ၊ မရှိ အဓိကထားပြီး အမေရိကန်က နားလည်သိရှိဖို့အတွက် အထူးသံတမန် စတီဖင် ဘော့စ်ဝါ့သ် ပြုံယမ်းမြို့တော်ကို ၃ ရက်ကြာခရီး သွားရောက်နေတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတွေက တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။
၆ နိုင်ငံ ဆွေးနွေးပွဲကို မြောက်ကိုရီးယားအနေနဲ့ ပြန်လာဖို့ အမေရိကန်က နောက်ထပ် မက်လုံးအသစ် ဘာမှ ထပ်ပြီး ကမ်းလှမ်းမှာမဟုတ်ဘူး၊ ဒါပေမဲ့ မြောက်ကိုရီးယားက တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သူထင်မြင်ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိကြီးတဦးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ၆ နိုင်ငံ ဆွေးနွေးပွဲကို မြောက်ကိုရီးယား အနေနဲ့ ပြန်မလာဘူးဆိုရင် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေကို မြောက်ကိုရီးယား ရင်ဆိုင်ရလိမ့်မယ်လို့ အဲ့ဒီ အရာရှိကြီးက ပြောပါတယ်။
မစ္စတာ ဘော့စ်ဝါ့သ်နဲ့ မြောက်ကိုရီးယား နျူကလီးယားဆိုင်ရာ မဟာဗျူဟာမှူးလည်း ဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ပထမ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်တဲ့ ကန်ဆုတ်ခ်ဂျူး (Kang Sok Ju) နဲ့ ဆွေးနွေးကြဖို့ ရှိနေပါတယ်။
မစ္စတာ ဘော့စ်ဝါ့သ်ဟာ ၆ နိုင်ငံ ဆွေးနွေးပွဲကို မြောက်ကိုရီးယား ပြန်လာဖို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး မြောက်ကိုရီးယားနဲ့ အမေရိကန် အပါအ၀င် တခြားသော မြောက်ကိုရီးယား နျူကလီးယားဆိုင်ရာ ၆ နိုင်ငံ ဆွေးနွေးပွဲ စားပွဲဝိုင်းက ဆွေးနွေးဘက်တွေဖြစ်တဲ့ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ရုရှားနိုင်ငံတွေနဲ့လည်း ဆက်ဆံရေး အသစ်တွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။