သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးဖမ်းသမားတွေကို လူဝင်မှု ဥပဒေနဲ့ အရေးယူ


မြန်မာ့ရေပိုင်နက်ထဲ တရားမဝင် ငါးဖမ်းမှုနဲ့ နိုဝင်ဘာလလယ်က အဖမ်းဆီးခံခဲ့ရတဲ့ ငါးဖမ်းသမား ၁၂၈ ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုနဲ့ သောကြာနေ့က ရုံးထုတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အဖမ်းခံရတဲ့ ငါးဖမ်းသမားတွေဟာ မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတွေက ဖြစ်ပြီး မြန်မာသင်္ဘောသားတွေနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေဘက်က ဘာသတင်းမှ မထုတ်ပြန်သေးပေမဲ့ တခြား နိုင်ငံသား သင်္ဘောသားတွေ အတွက်တော့ သက်ဆိုင်ရာ သံရုံးတွေက ကြိုးပမ်း ဆောင်ရွက်နေကြပါတယ်။

ဒီအထဲက ဖိလစ်ပိုင် ငါးဖမ်းသမားတွေအတွက် ဖိလစ်ပိုင်သံရုံး တာဝန်ခံတွေ ကြိုးပမ်းနေတာကို သိရဖို့ ဖိလစ်ပိုင်သံရုံးက လက်ထောက် သံအရာရှိ ချတ် ဟာစင်တို (Chad Jacinto) ကို ဘန်ကောက်ရောက် ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ဖိလစ်ပိုင် သင်္ဘောသားတွေ လွတ်မြောက်ရေးအတွက် တာဝန်ယူ ဆောင်ရွက်နေတဲ့ မစ္စတာ ဟာစင်တိုဟာ တနင်္လာနေ့က နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ ဒီသင်္ဘောသားတွေကို ၁၉၄၇ ခုနှစ် အရေးပေါ်ဥပဒေနဲ့ အရေးယူထားကြောင်း သိရတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ရဲ့ သင်္ဘောသား ၁၄ ယောက် ပါပါတယ်။ တခြား သင်္ဘောသားတွေလည်း အများကြီး ပါပါတယ်။ သူတို့ကို အာဏာပိုင်တွေက ကောင်းကောင်းထားပါတယ်။ သူတို့ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်အောင်လို့ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ အတူတွဲပြီးတော့ ကျနော်တို့လည်း အနီးကပ် ဆောင်ရွက်နေပါတယ်။”

လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဥပဒေ ချိုးဖောက်မှုနဲ့ ဖိလစ်ပိုင် သင်္ဘောသား ၁၄ ယောက် အပါအဝင် ဖမ်းမိခဲ့တဲ့ သင်္ဘောသား ၁၂၈ ဦးကို သောကြာနေ့က ရုံးထုတ်ခဲ့တယ်လို့ သောကြာနေ့က အင်းစိန်တရားရုံးကို သွားရောက်ခဲ့သူတဦးက အခုလိုပြောပါတယ်။

“အခုချိန်ထိ ကျနော်သိရသလောက်ဆိုရင် သူတို့ကို ၁၉၄၇ ခုနှစ် အရေးပေါ်ဥပဒေနဲ့ အရေးယူထားတာပါ။ ဒါဟာ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အမှုပါ။”

မြန်မာ ငါးဖမ်းသမား ၇ ဦး ပါပေမဲ့ ဘယ်သူဘယ်ဝါ ဆိုတာကို မြန်မာအာဏာပိုင်တွေဘက်က သတင်း မထုတ်ပြန်သေးသလို အဖမ်းဆီး ခံရသူတွေနဲ့ ပတ်သက်ပြီးလည်း အခုထိ တိတိကျကျ ထုတ်ဖော် ပြောဆိုတာမျိုး မရှိသေးပါဘူး။

အခု အထိန်းသိမ်းခံနေရတဲ့ ငါးဖမ်းသမား အများစုဟာ အင်ဒိုနီးရှား နိုင်ငံသားတွေ ဖြစ်တာမို့ ရန်ကုန်မှာရှိတဲ့ အင်ဒိုနီးရှားသံရုံး အမှုထမ်းတွေက သူတို့နိုင်ငံသားတွေကို အကူအညီ ပေးနိုင်ဖို့အတွက် ကြိုးစားနေတဲ့အပြင် သွားရောက် တွေ့ဆုံမှုတွေ လုပ်နိုင်ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ တီးကူး ဖစ်ဇာရာရဲ့ ပြောဆိုချက်ကို AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်သံရုံး တာဝန်ခံတွေကလည်း သူတို့နိုင်ငံသားတွေနဲ့ အခုဆို ၄ ကြိမ် တွေ့ဆုံခွင့် ရခဲ့တယ်လို့ မစ္စတာ ချတ် ဟာစင်တိုက ပြောပါတယ်။

“ကျနော်တို့ ပန်ကြားတဲ့အခါတိုင်း ဒီသင်္ဘောသားတွေကို သံတမန်တွေနဲ့ တွေ့ခွင့်ပေးပါတယ်။ ဒါကြောင့် သူတို့ကို ဖမ်းမိတဲ့ အချိန်ကစပြီး အခုချိန်ထိဆို ၄ ကြိမ် တွေ့ခဲ့ပြီးပါပြီ။ သူတို့ရဲ့ ကျန်းမာရေး အခြေအနေတွေလည်း ကောင်းပါတယ်။”

ဒီသင်္ဘောသားတွေအတွက် ရှေ့နေနဲ့ အမှု အခြေအနေကိုတော့ မစ္စတာ ဟာစင်တိုက ဖွင့်မပြောပါဘူး။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေအပြင် ထိုင်ဝမ် နိုင်ငံခြားရေးဌာန ပြောခွင့်ရကလည်း ထိုင်ဝမ် ငါးဖမ်းသမားတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ ရေကြောင်းဥပဒေအရ မိမိကမ်းရိုးတန်းကနေ ရေကြောင်းမိုင် ၂၀၀ အကွာ တလျှောက် သီးသန့် စီးပွားရေးဇုန်အဖြစ် သတ်မှတ်ပြီး အဲဒီရေပိုင်နက်ကို ကန့်သတ်ခွင့် ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG