သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလွတ်သတင်းထောက်တွေ အကျဉ်းချတဲ့ နိုင်ငံတွေ စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်


အလွတ်သတင်းထောက်တွေကို ဖိနှိပ်ချုပ်ချယ်ပြီး ဖမ်းဆီး ထောင်ချတဲ့နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံဟာ ထိပ်တန်း ၅ နိုင်ငံ စာရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာကြီးအတွင်းက သတင်းနဲ့ စာနယ်ဇင်းဆိုင်ရာ လုပ်ငန်းခွင်တွေအတွင်း ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ အလွတ်သတင်းသမားတွေရဲ့ အရေအတွက်ဟာ ပိုများလာတယ်လို့ နယူးယောက်ခ် အခြေစိုက် သတင်းသမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (CPJ) က အခုလို ထုတ်ပြန် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့အတူ ဘယ်နိုင်ငံတွေကရော သတင်းနဲ့ စာနယ်ဇင်း သမားတွေကို ဖိနှိပ်ချုပ်ချယ်မှု အဆိုးဆုံး နိုင်ငံတွေပါလဲ၊ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

သတင်းသမားတွေကို ဖမ်းဆီးထောင်ချထားတဲ့ ထိပ်ဆုံးနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံက ပထမ၊ ဒုတိယ နေရာမှာ အီရန်နိုင်ငံဖြစ်ပြီး ကျူးဘားနဲ့ အီရီထရီးယား (Eritrea) နိုင်ငံအပြင် မြန်မာနိုင်ငံတို့ဟာ ထိပ်တန်း အဆိုးဆုံး ၅ နိုင်ငံဖြစ်တယ်လို့ မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့ နေ့စွဲနဲ့ CPJ အဖွဲ့က ထုတ်ပြန်ကြေညာခဲ့တာပါ။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလကစလို့ ၂၀၀၉ ဒီဇင်ဘာ ၁ ရက်နေ့ထိ တနှစ်တာ စာရင်းအရ ကမ္ဘာတဝန်းက သတင်းထောက်တွေ၊ သတင်းအယ်တီတာတွေအပြင် ဓာတ်ပုံသတင်းသမား စတဲ့ သတင်းမီဒီယာ လုပ်ငန်းခွင်ထဲကသူ အားလုံးပေါင်း ၁၃၆ ယောက်ဟာ ထောင်ချအပြစ်ပေးတာ ခံထားကြရတယ်လို့လည်း CPJ အဖွဲ့ကြီးက ပြောပါတယ်။ ဖမ်းဆီးထောင်ချ ခံထားရတဲ့ ဒီသတင်းသမား အရေအတွက်တွေထဲကမှ ၄၅% ဟာ အလွတ်သတင်းထောက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အလွတ်သတင်းထောက်တွေ၊ ဘလော့ဂါတွေ အပြင် အင်တာနက် ဝက်ဘ်ဆိုက် သတင်းအယ်တီတာသမား စတဲ့ အလွတ်သတင်းထောက်တွေဟာ အဖွဲ့အစည်း တာဝန်ခံမှု မရှိတာကြောင့် သူတို့တွေရဲ့ အကာအကွယ်ကို ထိထိရောက်ရောက် လုပ်ပေးနိုင်တာ မရှိဘူးလို့လည်း CPJ အဖွဲ့က ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ နှစ်ပေါင်း ကြာမြင့်စွာကတည်းက ဒီမိုကရေစီရေး လှုပ်ရှားမှုဆိုင်ရာ သတင်းတွေအပေါ်မှာ အုပ်ချုပ်သူ အစိုးရက အပြင်းအထန်ကို ဖိနှပ်ချုပ်ချယ်နေပြီးတော့ ခုချိန်ထိ သတင်းနဲ့ စာနယ်ဇင်းဆိုင်ရာ ကိစ္စတွေမှာ တိုးတက်ပြောင်းလဲလာတာ မတွေ့ရဘူးလို့ CPJ အဖွဲ့က အာရှရေးရာ တာဝန်ခံ ဒစ်တစ်ဇ် (Dietz) က ပြောပါတယ်။

“မြန်မာစစ်အစိုးရက သတင်းမီဒီယာလုပ်ငန်းနဲ့ ဆိုင်တဲ့ ဘယ်ကဏ္ဍကိုမဆို ကန့်သတ်ချုပ်ချယ်ထားမှုဟာ ပြောင်းလဲလာတာ မရှိပါဘူး။ နိုင်ငံရေးနဲ့ဆိုင်တဲ့ သတင်းမှာသာ မကဘဲ လူမှုရေးနဲ့ဆိုင်တဲ့ သတင်းမျိုး၊ ဥပမာ နာဂစ်မုန်တိုင်း ကိစ္စမျိုးတွေမှာပါ သတင်းဖြန့်ဖြူးမှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပါတယ်။”

အထူးသဖြင့် မြန်မာနိုင်ငံမှာ ထောင်ချတယ်ဆိုတဲ့ ပြစ်ဒဏ်တွေကို ပြပြီး သတင်းသမားတွေကို ခြိမ်းခြောက်ထားတာ ဖြစ်တယ်လို့လည်း CPJ အဖွဲ့က ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ထောင်ချ ဖမ်းဆီးတာအပြင် အင်တာနက် အသုံးပြုမှု၊ အများနဲ့ ဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စတွေမှာပါ ထိန်းချုပ်ထားတာပါ။ ပုံနှိပ်လုပ်ငန်း၊ အသံလွှင့်လုပ်ငန်း၊ အင်တာနက် အွန်လိုင်း သတင်းမီဒီယာ အစရှိတဲ့ ကဏ္ဍအားလုံးကို အဆင့်ဆင့် ထိန်းချုပ်ထားသလို အများနဲ့ အလျှင်အမြန် ဆက်သွယ်နိုင်မယ့် အင်တာနက်တွေကိုတောင်မှ တိုင်းပြည်မှာ သတင်းတခုခု အရေးတကြီး ဖြစ်လာရင် အသုံးပြုလို့မရအောင် လိုင်းဖြတ်တာမျိုးတွေ လုပ်ပစ်ပါတယ်။ ပြည်ပသတင်းဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေကိုလည်း ကြည့်ရှုလို့ မရအောင် ပိတ်ပင်ထားပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံဟာ သတင်းနဲ့ စာနယ်ဇင်း လွပ်လပ်ခွင့် အကင်းမဲ့ဆုံးနိုင်ငံ၊ ဖိနှိပ်ချုပ်ချယ်မှု အဆိုးဆုံး နိုင်ငံတခု ဖြစ်တယ်လို့ ကျနော်တို့ ထောက်ပြနေတာ ဖြစ်ပါတယ်။” လို့ CPJ အဖွဲ့က အာရှတာဝန်ခံ ဒစ်တစ်ဇ်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်သူ အစိုးရက အာဏာတည်မြဲရေး တခုတည်းကို ရှေးရှုပြီး ပြည်သူကို နားမျက်စိ ပိတ်ထားတဲ့ အမှောင်ချထားတာမျိုးဟာ အချိန်ကြာလာတာနဲ့အမျှ တိုင်းပြည်ရဲ့ အနာဂတ်ဟာ အလွန်ကို နစ်နာစေတယ်လို့ BMA မြန်မာ့သတင်းသမဂ္ဂ အဖွဲ့က ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“သတင်းလွတ်လပ်ခွင့် ဆိုတာမျိုးက သတင်းထောက်တွေကိုပဲ လွတ်လပ်ခွင့် ပေးထားတာမျိုး မဟုတ်ဘဲနဲ့ သတင်းလွတ်လပ်ခွင့် ရှိမှသာ တိုင်းပြည်လည်း လွတ်လပ်မယ်၊ တိုးတက်မယ်၊ ပြီးတော့ တိုင်းသူပြည်သားတွေရဲ့ အရေးအရာတွေ အားလုံးကလည်း သတင်းလွတ်လပ်ခွင့် ရှိမှသာလျှင် တိုင်းသူပြည်သားတွေ ကိုယ်တိုင်လည်း သိမယ်၊ အစိုးရကိုယ်တိုင်လည်း သိမယ်။ ဒါမှသာလျှင် တိုင်းပြည်က တိုးတက်နိုင်မယ်၊ လွတ်လပ်နိုင်မယ်ဆိုတဲ့ သဘော ရှိပါတယ်။

“လွတ်လပ်ခွင့်ကို အမှောင်ချထားတာကတော့ အစိုးရတွေ အနေနဲ့က တိုင်းသူပြည်သားတွေကို နားမျက်စိ ပိတ်ပြီးတော့ အုပ်ချုပ်မှသာလျှင် သူတို့ရဲ့ အုပ်ချုပ်မှု ပိုပြီးထိရောက်မယ်လို့ ယူဆလို့သာ အာဏာရှင်နိုင်ငံတွေမှာ ဒီလိုမျိုး လုပ်လေ့ရှိတာပါ။ ဒါပေမဲ့ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ကတော့ အကျိုးရှိချင်ရှိမယ်၊ ဒါပေမဲ့ တိုင်းပြည်အတွက်ကတော့ အင်မတန် နစ်နာပါတယ်။”

မြန်မာ့သတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်တွေ အတွင်းမှာတော့ ရုပ်ရှင်သရုပ်ဆောင် ဇာဂနာခေါ် ကိုသူရ၊ အားကစား အယ်ဒီတာဟောင်း ကိုဇော်သက်ထွေး၊ ဘလော့ဂါ နေဘုန်းလတ်၊ ကဗျာဆရာ ကိုစောဝေတို့ အပါအဝင် သတင်းသမား ၉ ဦး ဖမ်းဆီးခံထားရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အလွတ်သတင်းသမား ၃ ဦး ဖမ်းဆီးစစ်ဆေးထားရာကနေ ပြန်လွတ်လာခဲ့ပါတယ်။

တကယ်တော့ အလွတ်သတင်းသမားတွေဟာ တာဝန်ခံမယ့် သတင်းအဖွဲ့အစည်း မရှိတဲ့အတွက် သူတို့ကို ဖမ်းဆီးအပြစ်ပေးရတာ လွယ်ကူနေသလို အဖမ်းခံရတဲ့ အလွတ်သတင်းသမားတွေ ပြန်လည်လွတ်မြောက်လာဖို့ တာဝန်ယူ ဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတွေလည်း နည်းပါးလွန်းတယ်လို့ CPJ ခေါ် သတင်းသမား ကာကွယ်ရေး အဖွဲ့ကြီးက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG