အခုအပတ်အတွင်း ရန်ကုန်မြို့မှာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ကမကထပြုပြီး ကလေးစစ်သား စုဆောင်း အသုံးပြုမှုကို ဘယ်လို ကြိုတင်ကာကွယ်ရမလဲ ဆိုတဲ့ အသိပညာပေး သင်တန်းတခုကို မြန်မာစစ်အစိုးရ အရာရှိတွေနဲ့ ပူးပေါင်းပြီး စတင် ဖွင့်လှစ်လိုက်တဲ့ အပေါ်မှာ နယူးယောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ကြိုဆိုလိုက်ပါတယ်။ အကြောင်းစုံကို မနော်ရှိုးက တင်ပြပေးထားပါတယ်။
ဒါပေမဲ့ အခုအချိန်ထိ မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်း အသုံးပြုမှုတွေ လုံး၀ ရပ်သွားတာကို မတွေ့ရသေးဘူးလို့ Human Rights အဖွဲ့က ကလေးအခွင့်အရေးနဲ့ ပတ်သက်ပြီး အသိပေး နှိုးဆော်တဲ့ လုပ်ငန်းတွေမှာ ဦးဆောင်နေသူ တဦးလည်းဖြစ်၊ မြန်မာပြည်တွင်း ကလေးစစ်သား စုဆောင်း အသုံးပြုမှုတွေနဲ့ ပတ်သက်ပြီး ၂၀၀၇ ခုနှစ်တုန်းက အစီရင်ခံစာ တစောင်ကို ကိုယ်တိုင်ရေးသား ပြုစုခဲ့တဲ့ မစ္စဂျိုးဘက်ကာက ဗွီအိုအေကို အခုလိုပြောပါတယ်။
“ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ နိုင်ငံတကာရဲ့ စံချိန် စံညွှန်းတွေနဲ့ ပတ်သက်ပြီးတော့ စစ်တပ်အရာရှိတွေကို သင်တန်း ပေးရမယ်ဆိုတဲ့ လုံခြုံရေးကောင်စီရဲ့ အကြံပြုချက်ကို မြန်မာစစ်အစိုးရ အနေနဲ့ အခုလို လိုက်နာ ဆောင်ရွက်တာကတော့ အားရစရာပါ။ ဒါပေမဲ့လည်း စစ်အစိုးရဟာ ကလေးစစ်သားတွေကို အဓမ္မ စုဆောင်းတာတွေကတော့ ဆက်လုပ်နေဆဲပါ။ ဒါကြောင့် ဒါတွေကို ရပ်တန်းကရပ်ပြီး လက်ရှိ စစ်မှုထမ်းနေရတဲ့ ကလေးစစ်သားတွေကို သူတို့မိသားစုတွေနဲ့ ပြန်လည် ပေါင်းစည်းနိုင်အောင် အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်ပါတယ်။”
မြန်မာပြည်တွင်း ဥပဒေအရ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးသူငယ်တွေကို စစ်သားအဖြစ် မစုဆောင်းရဘူးလို့ ဆိုပေမဲ့ ကလေးစစ်သား စုဆောင်းသူတွေကို ထိထိရောက်ရောက် ဒဏ်ခတ်တာကိုလည်း မတွေ့ရဘူးလို့ မစ်စ်ဘေကာက ထောက်ပြပါတယ်။
“စစ်အစိုးရကတော့ ကလေးစစ်သား စုဆောင်းတဲ့သူတွေကို အရေးယူနေတယ်လို့ ပြောပေမဲ့ ဒါကို သက်သေပြနိုင်တဲ့ အထောက်အထားတွေ ကျမတို့ မတွေ့ရသေးပါဘူး။ ကျမတို့ တွေ့ရတာက စစ်သားသစ် ကလေး လူကြီးမရွေး စုဆောင်း နိုင်တဲ့သူကို မက်လုံးပေးတာ၊ ဆုချီးမြှင့်တာတွေကိုပဲ တွေ့နေရပါတယ်။”
ပြီးခဲ့တဲ့ အောက်တိုဘာလက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကလေးစစ်သား စုဆောင်း အသုံးပြုမှုတွေကို ဘယ်လိုပိုပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရကို အကြံပြု တိုက်တွန်း ခဲ့ပါ တယ်။ အဲဒီ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်မှု မရှိဘူးဆိုရင် လက်နက်ဝယ်ယူခွင့် ပိတ်ပင်တာတို့၊ နိုင်ငံခြား ခရီး သွားခွင့် ပိတ်ပင်တာ စတဲ့ ပြစ်မှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ အရေးယူ ဆောင်ရွက်မယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ဇယားနဲ့တော့ မသတ်မှတ်ထားပါဘူး။
ပြီးခဲ့တဲ့ သုံးလေးနှစ်တုန်းကလည်း လုံခြုံရေးကောင်စီက ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေးအတွက် ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်မလဲဆိုတဲ့ အစီအစဉ်ကို သုံးလအတွင်း တင်ပြဖို့ မြန်မာစစ်တပ်အပြင် ကလေးစစ်သား အသုံးပြုတဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေကို တောင်းဆိုခဲ့ဖူးတယ်လို့ မစ်စ်ဂျိုးဘက်ကာက ထောက်ပြပါတယ်။ ဒါကို အခုအချိန်အထိ မြန်မာစစ်အစိုးရက မတုံ့ပြန်သေးဘူးလို့လည်း ပြောခဲ့ပါတယ်။
“အခုအချိန်ထိ မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ကလေးစစ်သား စုဆောင်းမှု ဘယ်လိုပပျောက်အောင် လုပ်မလဲဆိုတဲ့ အစီအစဉ် ချမှတ်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ အဲဒီလို မရှိသေးတဲ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံကို ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ နိုင်ငံအဖြစ် ၂၀၀၂ ခုနှစ်ကတည်းက အခုအချိန်ထိ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။”
ကလေးစစ်သား အသုံးပြုမှုတွေကို ရပ်ဆိုင်းတာ၊ ကလေးတွေကို မိသားစုတွေနဲ့ ပြန်လည် ပေါင်းစည်းပေးတာ၊ တခြား လူမှုရေး အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့ နေရာတွေမှာ မြန်မာနိုင်ငံဟာ တခြား ကလေးစစ်သား အသုံးပြုမှုတွေရှိတဲ့ နိုင်ငံတော်တော်များများရဲ့ နောက်မှာ ကျန်နေခဲ့တယ်ဆိုပြီး မစ်စ်ဘေကာက ထောက်ပြပါတယ်။
“ကလေးစစ်သားတွေ ရှိနေတဲ့ တခြားနိုင်ငံမှာဆိုရင် စစ်တပ်က ပြန်လွတ်လာတဲ့ ကလေးတွေ ကျောင်းပြန်တက်နိုင်ဖို့၊ အသက်မွေးဝမ်းကျောင်းပညာ သင်ယူနိုင်ဖို့နဲ့ မိသားစုနဲ့ ပြန်လည် ပေါင်းစည်းနိုင်ဖို့ အစီအစဉ်တွေ စနစ်တကျ ရှိနေပါပြီ။ မြန်မာနိုင်ငံမှာက ဒီလိုစနစ်မျိုးတွေကို အခုထိ မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့နှစ်အတွင်း ILO အဖွဲ့က ဦးစီးပြီး ကလေးစစ်သားတွေကို ပြန်လွတ်အောင် လုပ်ပေးနိုင်ခဲ့ပေမဲ့ အရေအတွက် အားဖြင့်ကတော့ အလွန်ကို နည်းပါသေးတယ်။”
အခုလို မြန်မာနိုင်ငံဟာ တခြား ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံတွေနဲ့ ယှဉ်ရင် ကလေးစစ်သား အသုံးပြုမှု ရပ်ဆိုင်းရေး လုပ်ငန်းတွေမှာ နောက်ကျ ကျန်နေတာကလည်း မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ကြီးကြီးမားမား ရှိနေတယ် ဆိုတာကို မြန်မာစစ်အစိုးရ ကိုယ်တိုင်က အသိအမှတ်ပြုခြင်း မရှိတာကြောင့် ဖြစ်တယ်ဆိုပြီး မစ်စ်ဂျိုးဘေကာက ထောက်ပြသွားပါတယ်။