မြန်မာနိုင်ငံ စစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဧည့်ဂေဟာမှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
ဘာအကြောင်းအရာ ဆွေးနွေးတယ်ဆိုတာ အတိအကျ မသိရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ရေးသားခဲ့တဲ့ စာနဲ့ ပတ်သက်နေလိမ့်မယ်လို့ ယူဆရပါတယ်။ အဲဒီစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့်ပြုဖို့၊ အဲလိုဆွေးနွေးပြီး တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ မေတ္တာရပ်ခံ တင်ပြခဲ့တာ ဖြစ်ပါတယ်။
အခုတွေ့ဆုံမှုဟာ အနည်းဆုံး အဲဒီထဲက ပထမတချက်နဲ့ ပတ်သက်ပြီးတော့ လာရောက်ဆွေးနွေးတာ ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေက ဆိုနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးဆီကို ပထမအကြိမ် စာရေးသားခဲ့စဉ်တုန်းက မြန်မာနိုင်ငံအပေါ် နိုင်ငံတချို့ရဲ့ စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှု ပြန်ရုပ်သိမ်းရေးအတွက် ဆောင်ရွက်လိုကြောင်း မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီကိစ္စအတွက် သူတွေ့ဆုံလိုတဲ့ နိုင်ငံခြား သံတမန်တချို့နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။
အခုတွေ့ဆုံမှုဟာ ဦးအောင်ကြည် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရတဲ့ ၂၀၀၇ ခုနှစ် အောက်တိုဘာလကစပြီး ၉ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်သလို ၂၀၀၉ ခုနှစ်အတွင်းမှာဆိုရင် ၃ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။