သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ဆွေးနွေးမှု မြန်မာဘက်က တိုးတက်မှု မပြသေး


အမေရိကန် အစိုးရဟာ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံ ဆွေးနွေးမှုတွေ ရှိနေပေမဲ့ တိုးတက်မှု တစုံတရာ မတွေ့ရဘူးလို့ အဆင့်မြင့် အမေရိကန် သံတမန်တဦးက ပြောကြားလိုက်ပါတယ်။ မြန်မာ့အရေး ကျွမ်းကျင်သူ ပညာရှင်တွေရဲ့ ဆွေးနွေးပွဲကို စင်ကာပူမှာ ပြုလုပ်နေစဉ် အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီယယ် (Scot Marciel) က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်ကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ဆိုတာ အမေရိကန် အစိုးရက ဆုံးဖြတ်ချက် ချမှတ်ပြီး ဆောင်ရွက်ခဲ့ပေမဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို ရှေးရှုတဲ့ တိုးတက်မယ့် အရိပ်လက္ခဏာ တစုံတရာ မတွေ့ရသေးဘူးလို့ သူက အတိအကျပြောတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အဆင့်မြင့် ဆွေးနွေးမှုတွေကို စစ်အစိုးရနဲ့ သူတို့ လုပ်ခဲ့ကြတယ်။ အဲဒါကို သတိထား စောင့်ကြည့် လေ့လာနေခဲ့ပေမဲ့ အဲဒီဆွေးနွေးပွဲက ရှေ့ကို တိုးမလာနိုင်ဘူးလို့ သူက ဆိုပါတယ်။

ဆွေးနွေးတာကတော့ အလဟဿ မဖြစ်ပါဘူး၊ ဒါပေမဲ့ တိုးတက်မှု မရှိဘူးလို့သာ သူက ဆိုလိုတာပါလို့ ပြောပါတယ်။ တိုးတက်မှုကို ဘာနဲ့ တိုင်းတာမလဲဆိုတော့ တိုးတက်မှုက မြန်မာနိုင်ငံအတွင်းမှာ လက်တွေ့ အပြောင်းအလဲ တစုံတရာ ဖြစ်လာမှ တိုးတက်တယ်လို့ သူတို့ ဆိုနိုင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့လည်း ဒီလို တိုးတက်မှု ဖြစ်လာအောင် စောင့်ကြည့်ချင်တဲ့ ဆန္ဒကတော့ အမေရိကန် အစိုးရမှာ ရှိနေတယ်လို့ သူက ဆိုခဲ့ပါတယ်။ တိုးတက်မှု မရှိရင် အမေရိကန်အဖို့ ရှေ့ကို ဆက်လက် ဆွေးနွေးလုပ်ဆောင်ဖို့ ခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ အခုအချိန်မှာတော့ တိုးတက်မှု မရှိဘူး၊ အဲဒါကြောင့် မဆွေးနွေးနိုင်တော့ဘူး ဆိုပြီး အပြတ်ပြောလို့လည်း မဖြစ်နိုင်သေးဘူးလို့ စကော့ မာဆီယယ်က ဆိုပါတယ်။

စကော့ မာဆီယယ်ဟာ ဒီစကားကို စင်ကာပူနိုင်ငံရဲ့ Institute of South East Asian Studies ခေါ် အရှေ့တောင်အာရှ လေ့လာရေးသိပ္ပံမှာ ပြောတာ ဖြစ်ပါတယ်။ ဒီဌာနဟာ အရှေ့တောင်အာရှဆိုင်ရာ ကမ္ဘာပေါ်က ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ စုပေါင်း ဆွေးနွေး အကြံထုတ်၊ အကြံပေးကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

သူပြောတဲ့အထဲမှာ အရေးကြီးတာက မြန်မာနိုင်ငံနဲ့ လုပ်ရကိုင်ရတဲ့ နေရာမှာ အဓိက ပြဿနာက အရာရာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တယောက်တည်းက ဆုံးဖြတ်နေခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုလည်း ပုဂ္ဂိုလ်ရေးအားဖြင့် လေ့လာသမျှ သူပြောတာက ဒီပုဂ္ဂိုလ်ဟာ ပွင့်ပွင့်လင်းလင်း ရှိသူတယောက် မဟုတ်ဘူးဆိုတဲ့ အချက်ကလည်း အင်မတန် အဖြေသိရဖို့ ခက်ခဲတဲ့ကိစ္စလို့ ဆိုပါတယ်။

သူ့ရဲ့ပြောကြားချက်ကို လွှမ်းခြုံကြည့်ရင် အပိုအလိုမပါ၊ လိုရင်း ပကတိ အခြေအနေကို အမှန်အတိုင်း တိတိကျကျ ပြောသွားတဲ့ သံတမန် အသုံးအနှုန်း ဖြစ်တဲ့အတွက် ဒါဟာ အရေးကြီးတဲ့ လေ့လာရမယ့် အချက်တခု ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းတင်ကလည်း အခုလို တုံ့ပြန်ခဲ့ပါတယ်။

“သူတို့က စစ်အစိုးရဘက်က အပြောင်းအလဲကို မျှော်လင့်နေတယ်။ စစ်အစိုးရဘက်က ပြောင်းလဲလာလိမ့်မယ်၊ ပြောင်းလဲလာရင် တိုးတက်မှုတွေ ဖြစ်လာလိမ့်မယ်၊ သို့မဟုတ်လည်း ဆက်ဆံမှုတွေ နည်းနည်း ပိုပြီးတော့ ခိုင်မာလာလိမ့်မယ်၊ အကျိုးသက်ရောက်မှုတွေ များလာလိမ့်မယ်လို့ ထင်နေတယ်။ ကျနော်က အဲဒီလို မထင်ဘူး။ တိုးတက်မှုရှိအောင် အမေရိကန်၊ သို့မဟုတ်လည်း EU၊ သို့မဟုတ် ကမ္ဘာတခုလုံး ကုလသမဂ္ဂ အပါအဝင် လုပ်ရလိမ့်မယ်။ အပြောင်းအလဲကတော့ စစ်အစိုးရအနေနဲ့ သူတို့ဘာသာ သူတို့၊ သူတို့ဆန္ဒ သဘောအလျောက် အပြောင်းအလဲ လုပ်မှာ မဟုတ်ဘူးလို့ ကျနော်တို့က မြင်တယ်။

“ဒီနေ့ ကျနော်တို့ လိုချင်တာက Regime Change ပါပဲ။ Regime Change ဆိုတာနဲ့ ပတ်သက်ပြီးတော့ အစိုးရ အပြောင်းအလဲကို ကျနော်တို့ လိုချင်တာ။ တချို့ကတောင် ဘယ်လိုထင်လဲဆိုတော့ ကျနော်တို့ကပဲ အမေရိကန် အစိုးရက ဝင်တိုက်ဖို့တို့ ဘာတို့ ပြောသလို ဖြစ်နေတယ်။ မဟုတ်ဘူး၊ ကျနော်ပြောနေတာက ကမ္ဘာတခုလုံးကနေပြီးတော့ ဒီ Regime Change ကို ဝိုင်းတွန်းကြရလိမ့်မယ်။ နိုင်ငံရေးအားဖြင့်၊ စီးပွားရေးအားဖြင့်၊ သံခင်းတမန်ခင်း အားဖြင့် တွန်းကြရလိမ့်မယ်။ မတွန်းဘဲနဲ့တော့ ဒီစစ်အစိုးရ ပြောင်းလိမ့်မယ်၊ လဲလိမ့်မယ်၊ ပြုပြင်လိမ့်မယ် မထင်ဘူးလို့ ကျနော် ပြောခဲ့ဖူးပါတယ်။”

NLD အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG