သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေး ထုတ်လုပ်မှု အစိုးရ ထိန်းချုပ်နယ်မှာ ပိုများ


မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ သုံးတဲ့ ဓာတုပစ္စည်းတွေကို အိမ်နီးချင်း နိုင်ငံတွေကနေ တရားမဝင် တင်သွင်းနေတဲ့အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို တားဆီးဖို့ အိမ်နီးချင်း နိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်ရေးဟာ အလွန်အရေးကြီးတယ်လို့ မြန်မာနိုင်ငံ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားမှာ မနေ့က ပြောကြားခဲ့ပါတယ်။ ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေး အဖွဲ့ကတော့ ဒီလိုတင်သွင်းရာမှာ မြန်မာစစ်အစိုးရ အာဏာပိုင်တွေ မပါဝင်ဘဲ လုပ်ဆောင်လို့ မရဘူးလို့ ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနား ကျင်းပရာမှာ စိတ်ကြွဆေးပြား ၇,၀၀၀,၀၀၀ နီးပါး၊ ဘိန်းဖြူ ကီလိုဂရမ် ၈၀၀ ကျော်နဲ့အတူ အခြား မူးယစ်ဆေးနဲ့ ဆက်စပ် ဓာတုပစ္စည်းတွေ အပါအဝင် စုစုပေါင်း မြန်မာကျပ်ငွေ ၉၃ ဘီလီယံ၊ အမေရိကန် ဒေါ်လာငွေနဲ့ဆို ၉၃ သန်းကျော်ဖိုး ဖျက်ဆီးခဲ့တယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြပါတယ်။

နိုင်ငံတကာ သံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က အရာရှိတွေနဲ့ ပြည်တွင်းပြည်ပ သတင်းထောက်တွေ ပါဝင်တက်ရောက်ခဲ့တဲ့ ဒီအခမ်းအနားမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ ဓာတုကုန်ကြမ်း မရှိရင် ထုတ်လုပ်မရကြောင်း၊ ဓာတုကုန်ကြမ်းတွေကို မြန်မာပြည်လို ဖွံ့ဖြိုးဆဲနိုင်ငံက မထုတ်လုပ်နိုင်ကြောင်းနဲ့ ဒီကုန်ကြမ်းတွေ မြန်မာပြည်တွင်းကို တရားမဝင် ဝင်ရောက်မလာစေဖို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အလွန်အရေးကြီးကြောင်း ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီကုန်ကြမ်းပစ္စည်းတွေကို ဆူဒိုအက်ဖီဒရင်းခေါ် အိမ်သုံးဆေးဝါးအဖြစ် တင်သွင်းလာတာကြောင့် ချင်းရွှေဟော်၊ ကျိုင်းတုံ၊ တာချီလိတ်၊ ပုသိမ်ကြီးနဲ့ မန္တလေး စတဲ့မြို့တွေမှာ ဆေးပြားတွေ သန်းနဲ့ချီပြီး ဖမ်းဆီးရမိခဲ့ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေး အဖွဲ့က အဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာလည်းဖြစ်တဲ့ ဦးခွန်ဆိုင်းကတော့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုမှာ မြန်မာစစ်အစိုးရ အာဏာပိုင်တွေ ပါဝင် ပတ်သက်နေတယ်လို့ အခုလို ဝေဖန်ထောက်ပြပါတယ်။

“ဒီဥစ္စာက နှစ်မျိုးဖြစ်တယ်။ တမျိုးကတော့ ကျနော်တို့ ထိုင်း-မြန်မာ နယ်စပ်က သိပ်ရှည်တာကိုးဗျ။ ဒီ နအဖ အရာရှိတွေ၊ အာဏာပိုင်တွေ မပါဘဲနဲ့လည်း လုပ်နိုင်တဲ့ အလုပ်ဖြစ်တယ်။ ဒါပေမဲ့ ဒီ နယ်စပ်ကနေ အတွင်းပိုင်းကို ဆက်သယ်မယ် ဆိုရင်တော့ နအဖအာဏာပိုင်တွေ မပါဘဲ လုပ်လို့ မရဘူးပေါ့ဗျာ။ အဲဒါတော့ သေချာပါတယ်။ သူက နယ်စပ်ကနေ အဝေးကြီး သယ်ရတာကိုး။”

ဒါ့အပြင် မြန်မာအာဏာပိုင်တွေဟာ သူတို့နဲ့ အဆင်ပြေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို မူးယစ်ဆေးဝါး လုပ်ကိုင်ခွင့် ပေးထားတယ်လို့ ဦးခွန်ဆိုင်းက ဆက်ပြောပါတယ်။

“ဝတို့ ဘာတို့ဆိုရင် အခု နအဖနဲ့ နိုင်ငံရေးပြဿနာ ပေါ်လာတဲ့ အခါကျ သူတို့မှာ သယ်ယူပို့ဆောင်ရေးမှာ ပြဿနာရှိတယ်။ သို့သော်လည်းပဲ ဒီ နအဖရဲ့ လက်အောက်ခံဖြစ်တဲ့ ပြည်သူ့စစ်တွေကျတော့ သူတို့က စစ်ဆေးမှုတွေ၊ စစ်ကြောမှုတွေ မရှိတဲ့အခါကျတော့ အင်မတန်မှ လွယ်တယ်။ နအဖရဲ့ တိုက်ရိုက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှုရှိတာ မဟုတ်ဘဲနဲ့ ပေါ်လစီအရ အခွင့်ပေးမှုတွေလည်း ဖြစ်တာပေါ့ဗျာ။”

မနေ့က ကျိုင်းတုံမြို့မှာ မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ဒီနှစ် ဇွန်လနှောင်းပိုင်းကနေ အခုထိ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေ ဖြစ်တယ်လို့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောပါတယ်။

မြန်မာပြည်နိုင်ငံရေး လေ့လာသူတွေကတော့ ဒီနှစ် ဧပြီလကုန်ပိုင်းမှာ စစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့တွေ အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးခဲ့ပြီး နိုင်ငံရေးအရ မပြေမလည် ဖြစ်လာတဲ့နောက်မှာ အဖမ်းအဆီးတွေ ပိုများလာတယ်လို့ သုံးသပ်ကြပါတယ်။

UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ ကိုယ်စားလှယ်ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ ဗဟိုအစိုးရက ခြိမ်းခြောက်တာတွေ ခံနေရတာကြောင့် သူတို့ အဖွဲ့အစည်းတွေနဲ့ သူတို့နယ်မြေတွေ ထိန်းချုပ်နိုင်ဖို့အတွက် သိုလှောင်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ပိုမိုတိုးမြှင့် ရောင်းချနေတယ်လို့ လွန်ခဲ့တဲ့ လကုန်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဝတပ်မှူးဟောင်း တယောက်က UNODC ကိုယ်စားလှယ် ပြောဆိုချက်ကို လက်မခံပါဘူး။

“လက်တွေ့မကျဘူး ထင်တယ်၊ ကျနော်တို့ အတွက်လေ။ အခု ဝနယ်မှာ မူးယစ်ဆေးဝါးဆိုရင် အပင်တောင် မရှိတော့ဘူးလေ။ တကယ် အပင်စိုက်တာက အစိုးရအုပ်ချုပ်တဲ့ ဒေသပဲ များတယ်လေ။ အခု သံလွင်မြစ် အနောက်ခြမ်းမှာ ဖယ်ခုံ၊ ဆီဆိုင်၊ မဲနယ်တောင်ပေါ့နော်။ နောက် ဟိုး ဆင်တောင်ဘက်မှာဆိုရင် ဘိန်းတွေက အရင်ကနဲ့မတူဘူး တအားထွက်တယ်။ အခုက မြေသြဇာတွေ ထည့်တယ်။ ဒါ အစိုးရအုပ်ချုပ်တဲ့ နယ်မြေပဲ။”

အခုလို မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုမှာ မြန်မာအာဏာပိုင်တွေ ပါဝင် ပတ်သက်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး နေပြည်တော်က ရဲတပ်ဖွဲ့ ဌာနချုပ်ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းကိုင်သူ မရှိခဲ့ပါဘူး။

မြန်မာစစ်အစိုးရက မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၁၉၉၉ ခုနှစ်က စတင်ပြီး ၂၀၁၄ ခုနှစ်ထိ ၁၅ နှစ် စီမံကိန်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး ဒုတိယအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံအဖြစ် တည်ရှိနေပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG