သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဥပဒေအရ လူ့အခွင့်အရေး အကာအကွယ်ပေးမှု အားနည်း၊ AHRC ဝေဖန်


မြန်မာနိုင်ငံ ပြည်သူလူထုဟာ ဒီကနေ့အချိန်ထိ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေကို တန်းတူညီမျှ ခံစားခွင့် မရကြသေးဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ၆၁ နှစ် ပြည့်မြောက်တဲ့ ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာပဲ အခုလို ဝေဖန်လိုက်တာပါ။ ဒါ့အပြင် အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) ကလည်း အာရှတိုက်က နိုင်ငံ ၁၁ နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဒီဇင်ဘာလ ၉ ရက် နေ့စွဲနဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ယိုယွင်းပျက်စီးနေတာကို အဓိက ထောက်ပြ ရေးသားထားပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေး ကြေညာစာတမ်း ၆၁ နှစ် ပြည့်မြောက်တဲ့ ဒီဇင်ဘာလ ၁၀ ရက် လူ့အခွင့်အရေးနေ့အတွက် ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ ဆောင်ပုဒ်ကတော့ လူသားတိုင်းဟာ ချုပ်နှောင်မှုမရှိ လွတ်လပ်စွာ မွေးဖွားလာပြီး လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေမှာ တန်းတူညီမျှ ခံစားခွင့်ရှိတယ် ဆိုတာပါပဲ။

ကမ္ဘာ့နိုင်ငံ အသီးသီးက လူသားတွေအတွက် အခြေခံ လူ့အခွင့်အရေးတွေကို အာမခံချက် ပေးထားတဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း ၆၁ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပေမဲ့ မြန်မာနိုင်ငံလူထု အဖို့မှာတော့ တန်းတူညီမျှ ခံစားခွင့်တွေ မရသေးဘူးလို့ အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ယူ ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ခွဲခြားဆက်ဆံခြင်း ခံနေရတဲ့ ကိစ္စတွေထဲမှာ အထူးသဖြင့် အမျိုးသမီးတွေကို အဓမ္မပြုကျင့်တဲ့ ကိစ္စက တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်တယ်လို့ပဲ ကျနော့်အနေနဲ့ ပြောချင်တယ်။ ဒါကြောင့် ကုလသမဂ္ဂက ပြဋ္ဌာန်းထားတဲ့ လူသားရဲ့ ဂုဏ်သိက္ခာနဲ့အညီ အဆင့်အတန်း ခွဲခြားခြင်း မဟုတ်ဘဲနဲ့ မျှမျှတတ ဆက်ဆံခြင်းခံရမယ် ဆိုတာကတော့ ကျနော်တို့ မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေမှာ မဖြစ်နိုင်သေးတဲ့ အခြေအနေပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။”

ဥပဒေအရ ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးရမှာဟာ တရားစီရင်ရေးစနစ်မှာ လုံး၀ တာဝန်ရှိပြီး မြန်မာနိုင်ငံမှာကတော့ တရားစီရင်ရေး စနစ်ဟာ ယိုယွင်းပျက်စီးနေတယ်လို့ AHRC က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ လွတ်လပ်မှုမရှိ၊ အကျင့်ပျက် ခြစားမှုကလည်း ကပ်ရောဂါလိုဖြစ်နေ၊ လူထုရဲ့ ယုံကြည်ကိုးစားခံရမှုက သုည၊ တရားစီရင်ရေးနဲ့ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ ကိစ္စရပ်တွေကို လူထုအကြား လွတ်လွတ်လပ်လပ် ဝေဖန်ပြောဆို ဆွေးနွေးပိုင်ခွင့်ကလည်း လျော့နည်းနေတယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

တရားရေးစနစ် ပျက်ယွင်းမှတော့ ပြည်သူတွေမှာ လူ့အခွင့်အရေး ခံစားခွင့်ဆိုတာ မရှိတော့တဲ့အတွက် တရားရေးစနစ်နဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဆက်စပ်နေတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို တရားရုံးတွေက အကာအကွယ် မပေးနိုင်ဘူးဆိုရင် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့ ပြည်သူအများစုတွေ အနေနဲ့ မိမိတို့ရဲ့ အခွင့်အရေးတွေ အားလုံး ဆုံးရှုံးမယ်၊ မိမိတို့ရဲ့ အခွင့်အရေးကို တောင်းဆိုနိုင်ဖို့အတွက် မလွယ်ကူဘူးဖြစ်မယ်၊ အကာအကွယ်မဲ့တာကို ခံရမယ်။ ဒါတွေကြောင့် လူ့အခွင့်အရေးနဲ့ တရားစီရင်ရေးစနစ်က လွန်စွာမှ ပတ်သက်နေတယ်၊ ဆက်နွယ်မှုရှိတယ်။ ဒါကြောင့် ကျနော်တို့က အခုလိုမျိုး တင်ပြ ပြောဆိုရခြင်း ဖြစ်ပါတယ်။”

အခုဆိုရင် မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ ASEAN အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့မှာ ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းတခု ရှိလာပြီ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေထဲမှာ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်တချို့ ပါလာသလို ၂၀၁၀ ခုနှစ်မှာ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားတဲ့အတွက် ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းလာဖို့လည်း ရှိနေတယ်လို့ ဆိုရမှာပါ။

ဒါပေမဲ့လည်း ဒီအချက်တွေဟာ မဝေးတော့တဲ့ အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာစေဖို့ အလားအလာကောင်းတွေအဖြစ် မမြင်နိုင်ပါဘူးလို့ ဦးမင်းလွင်ဦးက ဆိုပါတယ်။

“လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကို ဖော်ဆောင်နိုင်ခြင်း မရှိဘူးဆိုရင်တော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက အခုထက်ပိုပြီး ဆိုးသွားဖို့ရှိတယ်။ တိုးတက်လာစရာအကြောင်း မရှိဘူးဆိုတာ ပထမဆုံးအနေနဲ့ ပြောချင်တယ်။ အဲတော့ တရားစီရင်ရေးစနစ် လွတ်လပ်စွာ စီမံဆောင်ရွက်နိုင်မှသာ အုပ်ချုပ်သူ လူတန်းစားနဲ့ ကင်းကင်းရှင်းရှင်း အာဏာခွဲေ၀ ယူထားမှသာလျှင် လူ့အခွင့်အရေးကို တရားဥပဒေက အကာအကွယ် ပေးနိုင်မှာ ဖြစ်တယ်။ အဲဒီတော့မှသာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက တစထက်တစ ပိုမို တိုးတက်လာမှာ ဖြစ်တယ်။ အဲဒီလိုမဟုတ်ဘူး ဆိုရင်တော့ တစထက်တစ ပိုမိုပြီး ဆိုးဝါးသွားနိုင်တဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်ဆိုတာ ဝမ်းနည်းစွာနဲ့ပဲ ပြောရမှာဖြစ်တယ်။”

အာရှ လူ့အခွင့်အရေး ကော်မရှင်က ဦးမင်းလွင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

AHRC က ထုတ်ပြန်တဲ့ ၂၀၀၉ ခုနှစ် အာရှ ၁၁ နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါလ်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့က လူ့အခွင့်အရေး အခြေအနေတွေကို ရေးသားထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကတော့ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ ချမှတ်ခဲ့တာပါ။ ဒါ့ကြောင့်လည်း ဒီဇင်ဘာလ ၁၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် အထိမ်းအမှတ် ပြုလာခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG