လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ကျင်းပမှုတွေ အရင်ကထက် ပိုများလာနေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကလည်း နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို သူတို့ရဲ့ ဌာနချုပ်မှာ ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။
၆၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကျင်းပတာဟာ ပြည်သူလူထုတွေ သိရှိဖို့နဲ့ ကျင့်သုံး လိုက်နာနိုင်ဖို့အတွက် ပထမဆုံး အကြိမ်မြောက် လူ့အခွင့်အရေးနေ့ကို ကျင်းပခဲ့တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။
“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အသိပညာပေးမှုတွေ တိုးမြင့်လာဖို့၊ လူ့အခွင့်အရေးကို ပြည်သူလူထု ပိုပြီးတော့ သိရှိလာဖို့၊ ပိုပြီးတော့ ကျင့်သုံး လိုက်နာတတ်ဖို့၊ ကိုယ့်လူ့အခွင့်အရေး ကိုယ် ရယူဖို့လည်းပဲ စုစည်းစွာ၊ မှန်ကန်စွာ ကြိုးစားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပရခြင်း ဖြစ်ပါတယ်။”
အရင်နှစ်တွေကတော့ အကြောင်းကြောင်းတွေကြောင့် လူအခွင့်အရေးနေ့ ပွဲတွေကို မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒီနှစ်မှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အတော်များများ ဦးဆောင်ပြီး လူ့အခွင့်အရေး ပညာပေးရေးတွေကို လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း၊ ဒီအတွက် နိုင်ငံရေးပါတီတွေ အနေနဲ့ အသိပညာပေးတဲ့ အနေနဲ့ ကျင်းပရတာ ဖြစ်ကြောင်းကိုလည်း ပြောသွားပါတယ်။
“ကုလသမဂ္ဂကိုက လူ့အခွင့်အရေး ကိုယ်စားလှယ် ထားပြီးတော့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာနေရတဲ့ အခြေအနေလေ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုကတော့ ရှိနေသေးတာပေါ့။ လူ့အခွင့်အရေးက အပြည့်အ၀ မရသေးဘူး။ အဲဒီအတွက် ကြိုးပမ်းနေရဆဲပဲ ရှိတယ်။
“အဲဒီအခြေအနေမှာ ကျနော်တို့ နိုင်ငံရေးပါတီဘက်က လူ့အခွင့်အရေးတွေ ပိုမိုပြည့်ဝစွာ ရရှိဖို့၊ ပြည်သူလူထု လူ့အခွင့်အရေးအမြင် ပိုပြီး အကျွမ်းတဝင် သိလာဖို့၊ လူ့အခွင့်အရေး ပညာပေးမှုတွေ ပိုပြီး တိုးတက် ဆောင်ရွက်နိုင်ဖို့၊ အဲဒါ ကျနော်တို့ဘက်က ကြိုးပမ်းတာ ဖြစ်ပါတယ်။”
အလားတူ ပွဲတွေကို ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာလည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာဆိုရင် လူ့အခွင့်အရေး လှုပ်ရှားသူ အတော်များများ ထိန်းသိမ်းခံနေရတဲ့ကြားက အကျဉ်းချုံးပြီး လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ပွဲလေးတွေကို မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။