သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရရဲ့ ပြစ်မှုကြီး စုံစမ်းရေးကိစ္စ ဗြိတိန်ပါလီမန် ဆွေးနွေး


မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးဖို့ အဆိုကို ဗြိတိသျှ ပါလီမန်မှာ မနေ့တုန်းက အတိုက်အခံအမတ် တော်တော်များများက အင်တိုက်အားတိုက် တင်သွင်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဗြိတိသျှ အစိုးရကတော့ ဒီအဆိုကို လက်မခံပါဘူး။ အကြောင်းစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မနေ့တုန်းက ဗြိတိသျှ ပါလီမန်မှာ ကွန်ဆာဗေးတစ် (Conservative) အမတ်တွေက လက်ရှိ မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စုံစမ်းစစ်ဆေး ဖော်ထုတ်ရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ အဆိုကို ဗြိတိသျှအစိုးရ အနေနဲ့ ထောက်ခံဖို့ ဆွေးနွေးပြောဆိုခဲ့ကြတာပါ။

ဒီအဆိုကို ဗြိတိသျှအစိုးရ အနေနဲ့ ထောက်ခံဖို့ တိုက်တွန်းခဲ့ပေမဲ့ လက်မခံခဲ့ဘူးလို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ဖြစ်တဲ့ Burma Campaign UK အဖွဲ့ရဲ့ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး အန်နာ ရောဘတ်စ် (Anna Roberts) က အခုလို ပြောပြပါတယ်။

“ကော်မရှင်တခု အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့ အတိုက်အခံ လွှတ်တော်အမတ်တွေက တညီတညွတ်တည်း ထောက်ခံကြပေမဲ့ ဗြိတိသျှ အစိုးရက အခုအချိန်အထိတော့ လက်မခံသေးပါဘူး။ ဒါဟာ အတော်စိတ်ပျက်စရာ ဖြစ်ရပါတယ်။ အစိုးရအနေနဲ့ စစ်အစိုးရဟာ လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်နေတယ်၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျုးလွန်နေတယ် ဆိုတာကို ပြောဆိုတာ မတွေ့ရပါဘူး။ တကယ်တော့ ဒီလိုကိစ္စမျိုးဟာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံး အဆင့်ကနေ စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်။”

အခုလို လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပွားနေတာဖြစ်ပြီး အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ရာ ဒေသတွေမှာ အဖြစ်များတယ်လို့လည်း မစ်စ် အန်နာ ရောဘတ်စ်က ထောက်ပြပါတယ်။

“မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်းသား ဒေသတွေမှာ မြန်မာစစ်အစိုးရ တပ်တွေက စစ်ဆင်ရေးတွေကို ဆင်နွှဲနေတယ်။ တိုင်းရင်းသား လူမျိုးတွေကိုလည်း နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်နေတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် အမျိုးသမီးတွေကို စစ်လက်နက်သဖွယ် အသုံးပြုပြီး အဓမ္မပြုကျင့်တာမျိုး၊ ကလေးတွေကို စစ်သားစုဆောင်းတာမျိုး၊ ရှေ့တန်းစစ်မြေပြင်တွေမှာ အတင်းအဓမ္မ ပေါ်တာလိုက်ခိုင်းတာမျိုး၊ ဒါ့အပြင် အဓမ္မ ပြောင်းရွှေ့ နေရာချတာမျိုးတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။”

Burma Campaign UK အဖွဲ့မှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး အန်နာ ရောဘတ်စ် ပြောပြသွားတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ကြေညာစာတမ်း ရေးဆွဲခဲ့တဲ့ ၆၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ အခုလို မြန်မာနိုင်ငံက လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ရာ ကော်မရှင်တရပ် ဖွဲ့စည်းဖို့၊ လက်နက်ရောင်းချမှုတွေ တားမြစ်ပိတ်ပင်မှုတွေကို နိုင်ငံတကာ အတိုင်းအတာနဲ့ လုပ်ဆောင်သွားနိုင်ဖို့အတွက် ကမ္ဘာတဝန်းက လွှတ်တော်အမတ်ပေါင်း ၄၄၂ ယောက်က လက်မှတ်ရေးထိုးပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဒီကနေ့ စာတစောင် ပေးပို့ တိုက်တွန်းခဲ့တာပါ။

ဒီစာကိုတော့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဘရာဇီးလ်၊ မော်လ်ဒိုက်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ နယူးဇီလန် စတဲ့နိုင်ငံတွေ အပါအဝင် အာရှ၊ ဥရောပ၊ တောင်နဲ့ မြောက်အမေရိက တခွင်က နိုင်ငံပေါင်း ၂၉ နိုင်ငံက လွှတ်တော်အမတ်တွေ လက်မှတ်ရေးထိုး ပေးပို့ခဲ့ကြတာပါ။ နိုင်ငံပေါင်း ၂၉ နိုင်ငံက လွှတ်တော်အမတ်တွေရဲ့ အခုလို လက်မှတ်ရေးထိုး တောင်းဆိုချက်ကို CSW လို့ခေါ်တဲ့ ကမ္ဘာတဝန်း ခရစ်ယာန် သွေးစည်းညီညွတ်ရေး အဖွဲ့ကလည်း ထောက်ခံကြိုဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG