သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီးယားအရေး အရေးယူမှု ထပ်တိုးနိုင်ဟု အနောက်အုပ်စု သတိပေး


အီရန်နိုင်ငံအနေနဲ့ ယူရေနီယမ် သန့်စင်တဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းကို လာဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လက်ရှိ ဆုံးဖြတ်ချက်ကို မလိုက်နာဘူးဆိုရင် ဒဏ်ခတ် အရေးယူမှုအသစ်တွေ ချမှတ်ဖို့ လုပ်ဆောင်သွားမယ်လို့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ပြောလိုက်ပါတယ်။

အရေးယူမှု အသစ်ဆိုင်ရာ ဆုံးဖြတ်ချက်ချဖို့ ဆွေးနွေးပွဲတွေကို နောက်နှစ်ဆန်းပိုင်းမှာ စနိုင်မယ်လို့ နယူးယောက်ခ်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်ကနေ ဗွီအိုအေ သတင်းထောက် မာဂရက် ဘရှီးယား (Margaret Besheer) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

လက်ရှိ ချမှတ်ထားတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လွန်ခဲ့တဲ့ ၃ လအတွင်း အီရန်နိုင်ငံက ဘယ်နည်းဘယ်ပုံ ချိုးဖောက်ခဲ့တယ် ဆိုတာတွေကို အီရန်နိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုဆိုင်ရာ လုံခြုံရေးကောင်စီ ကော်မတီကို ဦးဆောင်တဲ့ ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်က လုံခြုံရေးကောင်စီကို အစီရင်ခံ တင်ပြခဲ့ပါတယ်။ အဲဒီချိုးဖောက်ချက်တွေကို ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် မာ့ခ် လိုင်အောလ် ဂရန့်တ် (Mark Lyall Grant) က နောက်ပိုင်းမှာ သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

“လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အီရန်နိုင်ငံက ဘယ်လို ချိုးဖောက်ခဲ့တယ်ဆိုတာ ဒီအစီရင်ခံချက်က ထောက်ပြထားပါတယ်။ အဲဒီထဲမှာ ဆုံးဖြတ်ချက်အမှတ် ၁၇၄၇ ကို တိုက်ရိုက်ချိုးဖောက်ပြီး အီရန်နိုင်ငံကနေ တရားမဝင် လက်နက်တင်ပို့မှု နှစ်ကြိမ်လုပ်ခဲ့တာလည်း ပါဝင်ပါတယ်။”

P5+1 လို့ သိကြတဲ့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမနီနိုင်ငံတို့က ဝန်ကြီးတွေဟာ လာမယ့် သီတင်းပတ်တွေအတွင်း အခြေအနေကို လေ့လာ သုံးသပ်ကြမှာဖြစ်ပြီး သူတို့ရဲ့ ဆန်းစစ်ချက်တွေကနေ အနှုတ်လက္ခဏာဆောင် သဘော တွေ့ရတယ် ဆိုရင်တော့ နောက်နှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ဒဏ်ခတ် အရေးယူမှု အသစ်တွေ ချမှတ်ဖို့ ဆွေးနွေးကြမယ်လို့ သူ ခန့်မှန်းထားတယ်ဆိုပြီး ဗြိတိန်သံအမတ်က ပြောပါတယ်။

အရပ်ဘက်သုံး စွမ်းအင် အစီအစဉ်ကို အကာအကွယ်ယူ ဖုံးအုပ်ပြီး နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်တွေကို အီရန်ကတော့ ငြင်းပါတယ်။ ယူရေနီယမ် သန့်စင်တာတွေ ရပ်ဆိုင်းဖို့ တောင်းဆိုထားတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို အီရန်က အခုချိန်ထိ မလိုက်နာသေးပါဘူး။

အီရန်ဟာ သူလိုက်နာရမယ့် နိုင်ငံတကာ တာဝန်တွေကို လေးစားသမှု မရှိတာကြောင့် ဒဏ်ခတ် အရေးယူမှု အသစ်တွေ ချမှတ်ဖို့ နောက်ထပ် စောင့်နေစရာ ဘာအကြောင်းမှ မရှိတော့ပါဘူးလို့ ပြင်သစ်သံအမတ် ဂျရဲ အာရော (Gerard Araud) က လုံခြုံရေးကောင်စီမှာ ပြောပါတယ်။

“ဒီဖိအားကို တိုးပေးဖို့အချိန် ရောက်နေပြီလို့ ပြင်သစ်နိုင်ငံက ယူဆပါတယ်။”

အီရန်အရေးနဲ့ ပတ်သက်ပြီး ထိတွေ့ဆက်ဆံမှုနဲ့ ဖိအားပေးမှုဆိုတဲ့ လမ်းနှစ်သွယ် ချဉ်းကပ်နည်းကို အမေရိကန်က ဆက်ပြီး အသုံးပြုသွားမယ်လို့ အမေရိကန် သံအမတ် ဆူဆန် ရိုက်စ် (Susan Rice) က ပြောပါတယ်။

“ဒါပေမဲ့လည်း ထိတွေ့ဆက်ဆံတယ်ဆိုတာ တလမ်းမောင်းတော့ မဖြစ်နိုင်ပါဘူး။ အလားတူ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှု လုပ်ချင်စိတ်ရှိပြီး နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ အရေးကြီး ကိစ္စရပ်တွေကို ဖြေရှင်းချင်တယ်ဆိုတာ အီရန်က အပြည့်အ၀ ပြရပါလိမ့်မယ်။ အီရန်နိုင်ငံ အနေနဲ့ နိုင်ငံတကာ တာဝန်တွေကို လိုက်နာရမယ်ဆိုတဲ့ ရပ်တည်ချက်အတိုင်း နိုင်ငံတကာ အသိုင်းအဝိုင်းက အခိုင်အမာ ရပ်တည်ပါတယ်။ အဲဒီတာဝန်တွေကို အီရန်က လိုက်နာဖို့ ပျက်ကွက်ခဲ့ရင်တော့ နောက်ထပ် အရေးယူဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက စဉ်းစားရပါမယ်။”

အီရန်ရဲ့ ချိုးဖောက်မှုတွေကို အလျှင်အမြန် အရေးတကြီး ကိုင်တွယ်လုပ်ဆောင်ဖို့ လိုပြီး ဖိအားတိုးပေးဖို့ အမေရိကန်က အဆင်သင့်ပဲလို့ ရိုက်စ်က သတင်းထောက်တွေကို ပြောပါတယ်။ အချိန်ဟာ တိုတောင်းပြီး အီရန်ရဲ့ အကောင်းဆုံး အကျိုးစီးပွား ဖြစ်တယ်လို့ အမေရိကန်က ယူဆတဲ့ တုံ့ပြန်ချက်မျိုး အီရန်က ပြသတာ နိုင်ငံတကာ အသိုင်းအဝိုင်းက မတွေ့ရသေးဘူးလို့လည်း ဆိုပါတယ်။

ဒါပေမဲ့လည်း အီရန်နိုင်ငံနဲ့ ရေနံနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကူးလူးဆက်ဆံမှုတွေ ရှိပြီး လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ သုံးခွင့်ရှိတဲ့ ရုရှားနဲ့ တရုတ်တို့ကတော့ သူတို့ရဲ့ သဘောထားတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောကြပါတယ်။

သက်ဆိုင်ရာ နိုင်ငံတွေ အနေနဲ့ စိတ်ရှည်ပြီး စိတ်ခံစားမှု မပါဘဲ တည်ငြိမ်ကြဖို့ လိုတယ်လို့ ရုရှားသံအမတ် ဗီတယ်လီ ချာကင် (Vitaly Churkin) က ပြောပါတယ်။ တရုတ်သံအမတ် ဇန် ယီးစွီ (Zhang Yesui) က ဆွေးနွေးပြောဆိုဖို့ အခွင့်အလမ်း ရှိနေဆဲဖြစ်ပြီး အဲဒီအတွက် အချိန် ပိုလိုကောင်း လိုနိုင်ပြီးတော့ မိမိတို့ဘက်အပိုင်းမှာ ပိုပြီး စိတ်ရှည်ကြဖို့ လိုတယ်လို့ ဆိုပါတယ်။

အဓိကကျတဲ့ နိုင်ငံတွေ အကြားမှာ ညီညွတ်မှုရှိသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ ဒဏ်ခတ်အရေးယူမှု အသစ်တွေ ချမှတ်ဖို့ရာ လအတော်ကြာ မဟုတ်ဘူး ဆိုရင်တောင် သီတင်းပတ် အတော်ကြာ စေ့စပ် ညှိနှိုင်းကြရလိမ့်မယ်လို့ သံတမန်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG