တရုတ်နိုင်ငံမှာ H1N1 ခေါ် ၀က်တုပ်ကွေးဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ပျံ့ပွားမှုဟာ လာမယ့်လတွေ အတွင်းမှာ အမြင့်ဆုံးကို ရောက်ရှိလာနိုင်တယ်လို့ တရုတ်နိုင်ငံရဲ့ ကျန်းမာရေး ၀န်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအချိန်ဟာ တရုတ်ပြည်သူတွေ သန်းပေါင်းများစွာနဲ့ချီပြီး အိမ်ကို ပြန်လာကြတဲ့ တရုတ်နှစ်သစ်ကူး ကာလာပါ။
H1N1 ၀က်တုပ်ကွေးရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ဆိုတာက လူတွေ အခုလို အမြောက်အများ ခရီးသွားကြတဲ့ တရုတ် နှစ်သစ်ကူးကာလမှာ လွယ်ကူတာမဟုတ်ဘူးလို့ ဒီကနေ့ ထုတ်ပြန်တဲ့ တရုတ် ကျန်းမာရေးဌာနရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဇန်န၀ါရီ လကုန်ပိုင်းနဲ့ ဖေဖော်ဝါရီလတွေမှာ တရုတ်လူမျိုးတွေဟာ နှစ်သစ်ကူး အားလပ်ရက်တွေအတွင်း ဇာတိမြေ၊ ကိုယ့်ရဲ့အိမ်ကို ပြန်လာတတ်ကြပါတယ်။
ဒီဇင်ဘာလကနေ မတ်လအထိ တရုတ်နိုင်ငံမှာ တုပ်ကွေးရောဂါ ဖြစ်လေ့ရှိတဲ့ ရာသီ ဖြစ်ပါတယ်။ ဒီရောဂါ မဖြစ်ပွားရ အောင် နဲ့ မပြန့်ပွားရအောင် ထိန်းချုပ်ဖို့ မလွယ်တဲ့ကာလပဲလို့ ဒီ တုပ်ကွေးရာသီကာလကို တရုတ်နိုင်ငံ အာဏာပိုင်တွေက သတ်မှတ်ပါတယ်။ သူတို့ရဲ့ ကြေညာချက်ထဲမှာလည်း ဖော်ပြထားပါတယ်။
အကောင်းဆုံး ထိရောက်နိုင်မယ့် ထိန်းချုပ်နည်းကတော့ တုပ်ကွေးရောဂါ ကာကွယ်ဆေး ပဲ ဖြစ်ပါတယ်။ ဒီနှစ်မကုန်ခင်မှာ လူဦးရေ ၆၅ သန်းအတွက် ကာကွယ်ဆေးတွေ ပေးဖို့ တရုတ်အစိုးရဘက်က စီစဉ်ထားတယ်လို့ တရုတ်အစိုးရက ကြေညာ ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကနေစပြီး တရုတ်ပြည်မှာ လူ သန်းပေါင်း ၃၀ ကျော်ကို တုပ်ကွေးရောဂါ ကာကွယ်ဆေး ပေးခဲ့ပြီးပါပြီ။ H1N1 ၀က်တုပ်ကွေးကြောင့် တရုတ်ပြည်မှာ သေဆုံးခဲ့ရသူ ၃၂၅ ယောက် ရှိသွားခဲ့ပါပြီ။ လူပေါင်း ၁သိန်း လောက်မှာလည်း H1N1 ရောဂါရှိနေတာကို တွေ့ရှိထားရပါတယ်။