ပြုံယမ်းမှာ အမေရိကန်သံတမန်တဦးနဲ့ ဆွေးနွေးပြောဆိုပြီးတဲ့ နောက်တရက်မှာပဲ မြောက်ကိုရီးယားဘက်က သူတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ပြီး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
အငြိမ်းစား အမေရိကန် အဆင့်မြင့် သံတမန်တဦးဖြစ်တဲ့ စတီဖင်န် ဘော့စ်ဝေါ့သ် (Stephen Bosworth) နဲ့ ဆွေးနွေးပြောဆိုမှုတွေဟာ ပြုံယမ်း နဲ့ ဝါရှင်တန် အကြား ကွဲလွဲချက်တွေကို နည်းပါးသွားစေတယ်လို့ သောကြာနေ့က အစိုးရသတင်းဌာနတခုဖြစ်တဲ့ KCNA က ကြေညာခဲ့ပါတယ်။
ဒါ့အပြင် ဒီဆွေးနွေးမှုတွေဟာ ပွင့်လင်းပြီး လေးနက်ထိရောက်မှုရှိခဲ့သလို - တဘက်ရဲ့အနေအထားကို တဘက်က လေးလေး နက်နက် နားလည်ကြတယ်လို့လည်း မြောက်ကိုရီးယားက ဆိုပါတယ်။
ကြာသပတေးနေ့တုန်းကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က - မစ္စတာ ဘော့စ်ဝေါ့သ် အနေနဲ့ မြောက်ကိုရီးယားကို နျူကလီးယားလက်နက် စွန့်လွှတ်ရေး ဆွေးနွေးဝိုင်းတွေဆီ ပြန်လာဖို့အထိ မစွမ်းဆောင်နိုင်ခဲ့ပေမဲ့လို့ ပြုံယမ်းမှာ မစ္စတာ ဘော့စ်ဝေါ့သ် ရဲ့ ဒီဆွေးနွေးပြောဆိုမှုတွေဟာ အတော်အတန် တိုးတက်မှုတော့ ရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ကြာသပတေးနေ့နှောင်းပိုင်းမှာ မစ္စတာ ဘော့စ်ဝေါ့သ် က တောင်ကိုရီးယား အစိုးရကို ဆွေးနွေးပွဲအခြေအနေ ပြောပြဖို့ အတွက် ဆိုးလ်မြို့ကို ပြန်လာခဲ့ပါတယ်။ အဲဒီနောက် အလားတူပဲ သောကြာနေ့မှာ တရုတ်နိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ် စွန့်လွှတ်ရေး ၆ နိုင်ငံ စကားဝိုင်းမှာ ပါဝင်ကြတဲ့ နိုင်ငံ တွေဆီကိုလည်း သွားရောက်ဖို့ရှိပါတယ်။