မြန်မာနိုင်ငံကိုအသွား ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ကိုညီညီအောင် ကို မှတ်ပုံတင် အတုလုပ်မှုနဲ့အတူ အခြား ပုဒ်မတွေနဲ့ တရားစွဲဆိုထားပြီး ရုံးတင်စစ်ဆေးထားရာကနေ ဒီကနေ့မှာတော့ ကျန်းမာရေး အခြေအနေအရ ရုံးမထုတ်နိုင်တဲ့အကြောင်းကို ရှေ့နေတွေနဲ့အတူ သူ့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
စက်တင်ဘာလအတွင်းမှာ မြန်မာပြည်ကို လေယာဉ်နဲ့ ပြန်ဝင်လာခဲ့ပြီးတဲ့နောက် လေဆိပ်မှာပဲ ဖမ်းဆီးခံထားရတဲ့ ကိုညီညီအောင် ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ထောင်တွင်းမှာအစာငတ်ခံ ဆန္ဒပြမယ်ဆိုပြီး မိသားစုကို ပြောဆိုပြီးတဲ့နောက် ဒီနေ့ တရားရုံးထုတ်ချိန်မှာ ရုံးမထွက်လာတဲ့အကြောင်း ရှေနေကြီး ဦးဉာဏ်ဝင်း က အခုလို ပြောပြပါတယ်။
"ဟုတ်တယ်၊ ရုံးမထွက်ဘူး။ ထောင်အာဏာပိုင်တွေက တရားရုံးကို အကြောင်းကြားတယ်။ ရုံးထုတ်လို့မရဘူးတဲ့။ ကျန်းမာရေးအရ။ သူက တနင်္လာနေ့တုန်းက သူ့အဒေါ်တွေနဲ့တွေ့တုန်းက အစာငတ်ခံ ဆန္ဒပြမယ်လို့ ပြောလိုက်တယ်လေ။ အဲဒါကြောင့်လား ဘာလဲဆိုတာ အဲန်ကယ်လ်တို့တော့ သေချာမသိဘူး။"
အဒေါ်ဖြစ်သူကတော့ ပြီးခဲ့အပတ်က ထောင်ဝင်စာ တွေ့ချိန်မှာ ကိုညီညီအောင် ဟာ အစာငတ်ခံ ဆန္ဒပြတော့မယ်လို့ အသိပေးခဲ့ကြောင်း အခုလို ပြောပါတယ်။
"သူတို့အတွက် လွတ်လပ်မှုမရှိဘူး ဆိုပြီး ရှေ့ကလူတွေအတွက် တောင်းဆိုတာပါ။ သူ့အတွက် တောင်းဆိုတာမဟုတ်ဘူး။ သူက ကောင်းကောင်းနေရတယ်။ သူ့အတွက်မဟုတ်ဘူး။ အကုန်လုံး အထဲက သူတွေအတွက် သူ တောင်းဆိုလိုက်တာ။ ဖိနှိပ်ချုပ်ချယ်တယ်၊ လွတ်လပ်မှုမရှိဘူး၊ မျှတမှု မရှိဘူးပေါ့နော်။ အဲဒီဟာတွေအတွက် အထဲထဲမှာ လူတွေဟာ အင်မတန် ဒုက္ခရောက်တဲ့အကြောင်းကို သူ ပြောပြတယ်။ ဒါကြောင့်မို့ သူ တောင်းဆိုပြီး မစားတော့ဘူးတဲ့။ သူ ပြောပြတယ်။ ထမင်းစားဖို့ အသက်ရှင်တဲ့သူနဲ့ အသက်ရှင်ဖို့အတွက် ထမင်းစားနေတာနဲ့ မတူဘူးပေါ့နော်။ အဲဒီတော့ ထမင်းစားဖို့ အသက်ရှင်တဲ့သူ ဆိုရင် ခေါင်းထဲမှာ ဦးနှောက်မရှိဘူးတဲ့။ တိရစ္ဆာန်ပေါ့နော်၊ အဲဒါတွေ အများကြီးပဲ။ တနင်္လာနေ့တုန်းက သူ ပြောပါတယ်။ အဲဒီမစားဘူးလို့ သူ ပြောပြီးတော့ ၁၀ မိနစ်လောက်ပဲ၊ အဲဒါ သူ အရမ်းမောနေတယ်တဲ့။ ဒီနေ့ကျတော့ သူ ရုံးထွက်မလား ဆိုပြီး အပြင်ကနေ အန်တီတို့က စောင့်တယ်။ ရှေ့နေ ဦးကြည်ဝင်း နဲ့ ဦးဉာဏ်ဝင်းတို့လည်း နာရီဝက်လောက်နေတော့ ပြန်ထွက်လာတယ်။ ရုံးကနေ စာထွက်လာတယ်တဲ့။ ကျန်းမာရေး အခြေအနေကြောင့် ရုံးမထွက်နိုင်ဘူးတဲ့။ အန်တီတို့က အရမ်းစိုးရိမ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ - ဘာကြောင့်လဲ၊ သူ တကယ်ပဲ လဲသွားပြီလား ဆိုပြီးတော့ အန်တီတို့ကတော့ အသက်အန္တရာယ်ကို အရမ်းစိုးရိမ်နေပါတယ်။"
ကိုညီညီအောင် ဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမူ အပြီးမှာ စက်တင်ဘာ လှုပ်ရှားမှုကို မငြိမ်မသက်ဖြစ်အောင် လုပ်တယ်၊ ပြည်တွင်းက ဖောက်ခွဲမူတွေမှာ ပါဝင်ပတ်သက်တယ် ဆိုပြီး သတင်းတွေမှာ စွပ်စွဲခံရပြီးတဲ့နောက် မှတ်ပုံတင် အတုလုပ်မှု၊ လိမ်လည်မှုနဲ့ စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။