သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းခံ ကိုညီညီအောင် အခြေအနေ မြန်မာစစ်အစိုးရကို အမေရိကန်သံရုံး စုံစမ်းမေးမြန်း


အင်းစိန်ထောင်ထဲမှာ ချုပ်နှောင်ခံနေရတဲ့ အမေရိကန် နိုင်ငံသားအဖြစ်ခံယူထားတဲ့ ကိုညီညီအောင် အပေါ် မြန်မာ စစ်အစိုးရဘက်က ကောင်းကောင်းမွန်မွန် ပြုမှုဆက်ဆံဖို့ အမေရိကန် သံရုံးအရာရှိတွေက မြန်မာစစ်အစိုးရကို တောင်းဆို ထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ကိုညီညီအောင်ရဲ့ ကျန်းမာရေး အခြေအနေအရ ရုံးထုတ်စစ်ဆေးတာကို ရွှေ့ဆိုင်း လိုက်တဲ့အကြောင်း ထောင်အာဏာပိုင်တွေက အကြောင်းကြားခဲ့တာကြောင့် ကိုညီညီအောင်အတွက် စိုးရိမ်နေရတဲ့အကြောင်း မိသားစုဝင်တွေနဲ့ အကျိုးဆောင်ရှေ့နေတွေက ပြောဆိုကြပါတယ်။ ကိုသိန်းထိုက်ဦးက အကြောင်းစုံ အစီရင်ခံထားပါတယ်။

ကိုညီညီအောင်ရဲ့ ကျန်းမာရေးအခြေအနေအရ ရုံးတင်စစ်ဆေးတာကို ရွှေ့ဆိုင်းလိုက်တယ်လို့ မနေ့က ရန်ကုန်မှာရှိတဲ့ အကျိုးဆောင်ရှေ့နေတွေကို ထောင်အာဏာပိုင်တွေက အကြောင်းကြားခဲ့ပါတယ်။ ဒါကြောင့်လည်း မနေ့က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုညီညီအောင်ရဲ့ အခြေအနေ နဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးခွန်းထုတ်ခဲ့ကြတာပါ။ နိုင်ငံခြားရေး ၀န်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အီရန်ကယ်လီ (Ian Kelly) က -

"အခြေအနေကို ကျနော်တို့ သိထားပါတယ်။ အမေရိကန် သံရုံးကလည်း မြန်မာစစ်အစိုးရကို ဆက်သွယ်ပြီးတော့ သူ့အပေါ် မှာ ကောင်းကောင်းမွန်မွန် ပြုမှုဆက်ဆံဖို့၊ ပြီးတော့ ကျနော်တို့ဘက်က ဒီကိစ္စကို စိုးရိမ်တဲ့အကြောင်း ပြောဆိုထားပါတယ်။ ဒီထက်တော့ သတင်းအချက်အလက် ထပ်ပြီး မရသေးပါဘူး။" - ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ အီရန် ကယ်လီ က ပြောသွားတာပါ။

ကိုညီညီအောင်ရဲ့ အမှုကို မြန်မာနိုင်ငံအတွင်းမှာ ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့က အခမဲ့ လိုက်ပါ ဆောင်ရွက် ပေးနေပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာရှိတဲ့ ကိုညီညီအောင်ရဲ့ မိသားစုဝင်တွေရဲ့ တောင်းဆိုချက်အရ ၀ါရှင်တန်မြို့တော် အခြေစိုက် Freedom Now အဖွဲ့ကြီးက ရှေ့နေတွေဖြစ်တဲ့ ဂျဲရက် ဂန်ဆာ (Jared Genser) နဲ့ ဘက်သ် ရှာဝန်ကီ (Beth Schwanke) တို့ကလည်း ဒီအမှုရဲ့ အကျိုးဆောင် ရှေ့နေတွေအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ ရှေ့နေ ဘက်သ် ရှာဝန်ကီ က ကိုညီညီအောင် ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အခုလို ပြောပါတယ်။ မနေ့က အင်းစိန်အကျဉ်းထောင်မှာ ရုံးချိန်း ရွှေ့ဆိုင်းခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ဒီနေ့ ကိုညီညီအောင်ရဲ့ အမှုကို မြန်မာစစ်အစိုးရက ရွှေ့ဆိုင်းလိုက်ပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့်လို့ ပြောတာကလွဲလို့ တခြား သတင်း အချက်အလက် ကျမတို့ မရပါဘူး။ ကိုညီညီအောင်ရဲ့ အကြီးအကျယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ကျမတို့ မြင်ပါတယ်။ စိတ်မကောင်းစရာ တခုကတော့ မြန်မာစစ်အစိုးရက အမေရိကန် သံရုံးအရာရှိတွေကိုလည်း ကိုညီညီအောင်နဲ့ တွေ့ဆုံခွင့် မပေးပါဘူး။ ဒီအတွက် ကျမတို့ အကြီးအကျယ် စိုးရိမ်နေပါတယ်။"

ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူတွေအတွက် ဥပေဒအကျိုးဆောင်အဖြစ် ဆောင်ရွက်လေ့ရှိတဲ့ Freedom Now အဖွဲ့က ရှေ့နေ ဂျဲရက် ဂန်ဆာ (Jared Genser) ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ လည်း ရှေ့နေအဖြစ် တာဝန်ယူထားသူပါ။

ကိုညီညီအောင်ကို သံရုံးအရာရှိတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့နဲ့ ဒီကိစ္စမှာ အမေရိကန် အစိုးရဘက်က လိုအပ်သလို စီစဉ် ဆောင်ရွက်ပေးဖို့လည်း Freedom Now အဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။

အကျဉ်းသားဆိုင်ရာ ဂျနီဗာ သဘောတူညီချက် ပုဒ်မ (၃၆) အပိုဒ် (၁) အရ၊ အကျဉ်းချခံထားရတဲ့ ပြည်ပ နိုင်ငံသား တယောက်ကို သက်ဆိုင်ရာနိုင်ငံ သံရုံးအရာရှိတွေ သွားရောက် တွေ့ဆုံစကားပြောခွင့်၊ ရှေ့နေငှားရမ်းခွင့်နဲ့ တရားရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ခွင့် ပေးဖို့ လိုအပ်တဲ့အကြောင်းကိုလည်း Freedom Now အဖွဲ့ကြီးက ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

ကိုညီညီအောင်ကို မြန်မာစစ်အစိုးရက မှတ်ပုံတင် အတုလုပ်မှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆို ဖမ်းဆီးထားတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုညီညီအောင်ရဲ့ အဒေါ် ထောင်ဝင်စာသွားတွေ့စဉ်မှာ၊ ထောင်တွင်း အခြား အကျဉ်းသားတွေ ရင်ဆိုင်နေရတဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြမယ်လို့ သူက ပြောဆိုခဲ့ပါတယ်။ ဒီ အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက်ပိုင်းမှာ အမေရိကန် သံရုံးအရာရှိတွေနဲ့ ကိုညီညီအောင် တွေ့ဆုံခွင့် မရသေးပါဘူး။

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ ကိုညီညီအောင်နဲ့ အတူ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ အရင်းနှီးဆုံး မိတ်ဆွေ ကိုဇော်ဇော် ကတော့ ကိုညီညီအောင် ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗွီအိုအေကို အခုလို ပြောပါတယ်။

"သံရုံးတွေနဲ့လည်း တွေ့ခွင့်မရှိဘူး။ ကျန်တဲ့ဘယ်သူနဲ့ ဘာမှ အဆက်အသွယ် မရှိတဲ့အခါကျတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေကတော့ အထူးသဖြင့် သူ့ရဲ့ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတာမျိုး မိသားစု အနေနဲ့ရော၊ သူငယ်ချင်း အသိုင်းအ၀ိုင်း အနေနဲ့ရော အဲဒီလိုမျိုး ရှိပါတယ်။ ဒီမှာကတော့ ကျနော်တို့အနေနဲ့ တတ်နိုင်သမျှ ဒီမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ဒီမှာရှိတဲ့ State Department တို့ကို ကျနော်တို့အနေနဲ့ လှမ်းပြီးတော့ အကြောင်းကြား ထားတာတွေ တော့ ရှိပါတယ်။ နအဖ ကို ဖိအားပေးဖို့၊ အနည်းဆုံး သံရုံးနဲ့ သူ့ကို တွေ့နိုင်ခွင့်ရအောင် သဘောမျိုး ကျနော်တို့ တောင်းဆို ထားတာ ရှိပါတယ်။"

ကိုညီညီအောင် လွတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်မှာရှိတဲ့ ကိုညီအောင်အောင် ရဲ့အရင်းနှီးဆုံး မိတ်ဆွေတယောက်ဖြစ်တဲ့ ကိုဇော်ဇော် ပြောပြ သွားတာ ပါ။

မြန်မာနိုင်ငံကို လာခဲ့ဖူးတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ကလည်း ကိုညီညီအောင် အပေါ် အာဏာပိုင်တွေက ပြုမူဆက်ဆံနေပုံတွေနဲ့ ပတ်သက်တဲ့သတင်းတွေအပေါ် စိုးရိမ်နေကြောင်း ထုတ်ပြန်ချက်တရပ် နဲ့ ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်သံရုံး တာဝန်ရှိသူတွေနဲ့ တွေ့ခွင့်မပေးတာနဲ့ ပတ်သက်ပြီး စိုးရိမ်တယ် လို့ လည်း မစ္စတာ ဂျင်မ်ဝက်ဘ် က ပြောပါတယ်။ နိုင်ငံတကာက ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ ကိုညီညီအောင် ခံစားခွင့် ရှိတဲ့ အခွင့်အရေးတွေကို ပေးဖို့လည်း အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် က တောင်းဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG