သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီညီအောင် ထောင်ဝင်စာတွေ့ခွင့် လျှော့ချ


စာရွက်စာတမ်း အတုကိုင်ဆောင်မှုနဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံနေရတဲ့ ကိုညီညီအောင်ကို မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့် ကြိမ်ရေ လျှော့ချခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

ထိုင်းနိုင်ငံကနေ မြန်မာပြည်ကိုအသွား ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား အဖြစ် ခံယူ ထားသူ ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင် ကို အရင်က တပတ်တခါ ထောင်ဝင်စာ တွေ့ခွင့်ရနေတာကနေ အခု ၂ ပတ်တခါသာ တွေ့ခွင့်ပေးတော့မယ်လို့ အာဏာပိုင်တွေက ပြောဆိုတဲ့အကြောင်း - ဒီကိစ္စနဲ့ပတ်သက်လို့ အာဏာပိုင်တွေ ဘက်က အကြောင်းပြချက် ပေးခဲ့ခြင်းလည်းမရှိဘူးလို့ ကိုညီညီအောင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေ က အခုလို ပြောပြ ခဲ့ပါတယ်။

"အစက တပတ်တခါ တွေ့နေကျပေါ့နော်။ ပြီးခဲ့တဲ့ နောက်ဆုံး တနင်္လာနေ့က အန်တီတို့ တွေ့တယ်။ သူ အစာမစားဘူး သိရတယ်။ သူ နွမ်းနေတယ်။ အခု သောကြာနေ့ကလည်း ရုံးမထုတ်နိုင်ဘူး။ အဲဒီအချိန်မှာ ဒီနေ့မနက်ပဲ ဖုန်းဝင်လာတယ်။ သူ့ကို ၂ ပတ်တခါပဲ တွေ့ရတော့မယ်တဲ့။ ဘာဖြစ်လို့လဲ၊ ထုံးစံရှိလားလို့ မေးတော့ - အဲဒါတော့ ကျနော်တို့ မသိဘူးတဲ့။ အထက်ကပြောတဲ့အတိုင်းပဲ သူတို့ ပြောတာပါတဲ့။ အကျဉ်းဦးစီးဌာနကနေ လာတာပေါ့နော်။ သူ ကိုယ်တိုင် တနင်္လာနေ့က တွေ့တော့ သူ အစားမစားတော့ဘူးတဲ့။ သူ လိုချင်တဲ့အချက် ၃ ချက် ရှိတယ်ပေါ့နော်။ သူ တောင်းမယ်တဲ့။ အဲဒါ သူ မစား တော့ဘူးတဲ့။ ရမှပဲ သူ ပြန်စားတော့မယ်လို့ အန်တီတို့ကို ပြောတယ်။ အစားအစာ မပို့နဲ့တော့ပေါ့။ အရည် လောက်ပဲပို့ပေး။ အအေးလောက်ပဲ ပို့ပေးလို့ ပြောတယ်။ ခု ဒီအပတ်လည်း မတွေ့ရတော့ဘူး။ ပို့လည်း ပို့လို့ မရတော့ဘူးပေါ့။ သူတို့ ဘာကြောင့် အန်တီတို့ကို ပေးမတွေ့လဲ ဆိုတာ အန်တီတို့ အရမ်း သိချင်တယ်။ အန်တီတို့က မေးတယ်၊ ဘာကြောင့် ပေးမတွေ့တာလဲ ဆိုတော့ အထက်က အမိန့်လို့ပဲ ပြောတယ်။"

ကိုညီညီအောင် ဟာ အင်းစိန်ထောင်အတွင်းမှာ ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက စတင် အစာငတ်ခံ ဆန္ဒပြနေတာဖြစ်ပြီး သူ့တောင်းဆိုထားတဲ့ အချက် ၃ ချက်ကတော့ - ပုဒ်မတွေ အများကြီးတပ်ပြီး မတရားလုပ်နေတဲ့အတွက်၊ ခွဲခြားမှုတွေ ရှိနေတဲ့အတွက် နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်တဲ့အတွက် အဲဒီအချက်တွေကို အာဏာပိုင်တွေဘက်က မလိုက်လျော မချင်း အစာငတ်ခံဆန္ဒပြသွားမှာ ဖြစ်တယ်လို့ ကိုညီညီအောင် က သူ့အဒေါ်နဲ့ ထောင်ဝင်စာတွေ့ခွင့်ရချိန်မှာ ပြောဆိုခဲ့တယ် လို့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေ က ပြောပါတယ်။ ကိုညီညီအောင် ကို စာရွက်စာတမ်းအတုကိုင်ဆောင်မှုနဲ့ စက်တင်ဘာလ ၃ ရက် နေ့မှာ မြန်မာအာဏာပိုင်တွေက မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG