မြောက်ကိုရီးယား လက်နက်တန်ချိန် ၃၅တန် တင်ဆောင်ပြီး ထိုင်းလေဆိပ်ကို ရောက်လာတဲ့ လေယာဉ်ပေါ်က လူ ၅ယောက်ကို တရားမ၀င် လက်နက် ပိုင်ဆိုင်မှုနဲ့ ထိုင်းနိုင်ငံက တရားစွဲလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် တခုအရ ကန့်သတ်ထားတဲ့ မြောက်ကိုရီးယား လက်နက်တွေ တင်ပို့မှုနဲ့ ကာဇက်စတန်နိုင်ငံက လူ ၄ ယောက်၊ ဘယ်လာရုစ် နိုင်ငံက လူ ၁ ယောက်ကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားကလာတဲ့ လေယာဉ်ဟာ ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ်မှာ ဆီဝင်ဖြည့်တာလို့ ထိုင်းရဲက ပြောပါတယ်။ ဒီလေယာဉ် ဘယ်ကို သွားမှာလဲဆိုတာ အခုအချိန်ထိ မသိရသေးပါဘူး။
ဂျော်ဂျီယာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ သူတို့လေယာဉ်ပျံပေါ်မှာ လက်နက်တွေ ပါတယ်ဆိုတာ မသိပါဘူးလို့ လေယာဉ်ပေါ် ပါလာသူ ၅ ယောက်က ပြောပြီး သူတို့ အမှားမလုပ်ဘူးလို့ ဆိုပါတယ်။ တနင်္လာနေ့ကျရင်တော့ သူတို့ကို ရုံးထုတ်မှာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ သတင်းပေးမှုနဲ့ ထိုင်းသက်ဆိုင်ရာက ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ထိုင်းကလာတဲ့ သတင်းတွေမှာ ပြောပေမဲ့ ဒီကိစ္စကို အမေရိကန် အစိုးရဘက်က အတည်မပြုပါဘူး။