ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့က ရာသီဥတုဆိုင်ရာ ညီလာခံမှာ သဘောတူညီချက် အသစ်တရပ် ရေးဆွဲနိုင်ရေး ဆွေးနွေးနေချိန်မှာပဲ ကင်တာဘာရီက ခရစ်ယာန် ဘုန်းတော်ကြီး ရိုဝန် ၀ီလီယမ်စ် (Rowan Williams) ဦးဆောင်ပြီး ဆုတောင်းပွဲတခုကို ပြုလုပ်နေကြပါတယ်။
ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့ ကြိုးပမ်းတဲ့ နေရာမှာ ညီလာခံ တက်လာတဲ့ ဆွေးနွေးညှိနှိုင်းသူတွေ အနေနဲ့ အပြောင်းအလဲတွေ လုပ်ဖို့ နိုင်ငံရေးသတ္တိ မွေးကြရမယ်လို့ ဘုန်းတော်ကြီးက ပြောခဲ့ပါတယ်။
ဘုန်းတော်ကြီး ၀ီလီယမ်စ်နဲ့ တူးတူးတို့အပြင် တခြား ဂရင်းလန်း၊ မက္ကဆီကို၊ တူဗာလူးနဲ့ ဇမ်ဘီယာတို့က ဘာသာရေး ခေါင်းဆောင်တွေလည်း လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။
၁၂ ရက်ကြာ ဆွေးနွေးပွဲတွေ သောကြာနေ့မှာ အဆုံးသတ်ဖို့ ရှိနေချိန်၊ ညီလာခံ ကိုယ်စားလှယ်တွေကတော့ ကမ္ဘာကြီး ပူနွေးလာမှုကို ဖြစ်စေတဲ့ ဖန်လုံအိမ် အာနိသင် ကာဗွန်ဓာတ်ငွေ့တွေ လျှော့ချရေး သဘောတူညီချက် အသစ်ရရှိဖို့ ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့လည်း အခုအချိန်အထိကတော့ သဘောတူညီချက် ရနိုင်မယ့် ထူးခြားတဲ့ တိုးတက်မှုမျိုး ထွက်ပေါ်လာသံတော့ မကြားရသေးပါဘူး။ညီလာခံက ထိရောက်တဲ့ သဘောတူညီချက်တွေရဖို့ တောင်းဆို ဆန္ဒပြကြသူတွေထဲက နောက်ထပ် ၁၀၀ လောက်ကို မနေ့တုန်းက ကိုပင်ဟေဂင်မြို့မှာ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဒီမတိုင်ခင် စနေနေ့တုန်းကတော့ ၁,၀၀၀ နီးပါး အဖမ်းခံခဲ့ရပါတယ်။