သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၃ နှစ် ဆက်တိုက် တိုးလာ


မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက လက်နက်ကိုင် တိုင်းရင်းသားတွေဟာ လက်နက်တွေ ဝယ်ယူနိုင်အောင်လို့ ဘိန်းနဲ့ တခြား မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ရောင်းချနေတယ်၊ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုက ၂၀၀၆ ခုနှစ်နဲ့ယှဉ်ရင် ၅၀% လောက် တိုးလာတာ တွေ့ရတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ဌာနက ပြောသွားခဲ့ပါတယ်။

ဘိန်းစိုက်ပျိုးမှုအပြင် မက်သာဖက်တမင်းလို စိတ်ကြွဆေး ထုတ်လုပ် ရောင်းဝယ်မှုလည်း တိုးလာတာမို့ စိုးရိမ်စရာ အခြေအနေ ရှိတယ်လို့ UNODC ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲက ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဘန်ကောက်ရောက် ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်မျိုးသက်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု တိုးလာခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ဘိန်းစိုက်ဧက ဟက်တာ ၃,၀၀၀,၀၀၀ ကျော် ဖြစ်လာတာမို့ မနှစ်ကနဲ့ယှဉ်ရင် ၁၁% တိုးလာပြီး ၂၀၀၆ ခုနှစ်ကနဲ့ စာရင်တော့ ၅၀% တိုးလာခဲ့တယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာ၊ လောနဲ့ ထိုင်းနိုင်ငံ ၃ နိုင်ငံဟာ အရှေ့တောင်အာရှမှာ ဘိန်းစိုက်ပျိုးတဲ့ အဓိကနိုင်ငံ ၃ နိုင်ငံ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း ဒီ ၃ နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု လျော့ပါးလာပြီး အရင်က ဟက်တာ ၁၅၀,၀၀၀ ကျော်ကနေ ၂၀၀၆ ခုနှစ်မှာ ဟက်တာ ၂၅,၀၀၀ အထိ ကျဆင်းလာတာကို တွေ့ရပေမဲ့ မြန်မာနိုင်ငံမှာတော့ ၂၀၀၆ ခုနှစ်ကစပြီး ပိုပိုတိုးလာတယ်လို့ ဆိုပါတယ်။ အခုလို ဘိန်းစိုက်ပျိုးမှု တိုးလာတဲ့အပြင် စိတ်ကြွဆေး ထုတ်လုပ်မှုတွေလည်း တိုးလာနေတာမို့ စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေတယ်လို့ UNODC ရဲ့ ဌာနေကိုယ်စားလှယ် ဂယ်ရီ လူးဝစ်စ် (Gary Lewis) က ပြောပါတယ်။

“ဒီဒေသထဲမှာ အမ်ဖက်တမင်း အမျိုးအစား စိတ်ကြွဆေးတွေ ထုတ်လုပ်တာနဲ့ မှောင်ခိုရောင်းဝယ်တာတွေ သိပ်ကိုများလာတာမို့ ကျနော်တို့ သိပ်စိုးရိမ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဒေသတွေမှာ တွေ့ရပါတယ်။” လို့ ပြောသွားပါတယ်။

ဒီဒေသတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှု အခုလို တိုးလာတာဟာ ဒေသတွင်း မတည်ငြိမ်တဲ့အတွက် ဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတွေမှာ ရှိတဲ့ ဒေသခံတွေ ငွေအလုံးအရင်း လိုအပ်လာတဲ့အတွက် မြန်မာနိုင်ငံထဲမှာရော နယ်စပ်တွေမှာပါ မူးယစ်ဆေးဝါးတွေ တိုးပြီး ထုတ်လုပ် ရောင်းဝယ်လာတာလို့လည်း ပြောပါတယ်။ ဒီလို မူးယစ်ဆေးဝါးတွေ တိုးပြီး ထုတ်လုပ် ရောင်းချလာတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ထင်ပါသလဲလို့ မေးကြည့်တော့ သူက အခုလိုပြောပါတယ်။

“ဒါဟာ ဒေသတွင်း လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေကြောင့်ဖြစ်ပြီး ဒီအခြေအနေကနေ တင်းမာမှုတွေ တဖြည်းဖြည်း တိုးလာပါတယ်။ နိုင်ငံရေးအရ မရေရာမှုတွေလည်း ရှိလာပါတယ်။ ဒါဟာ ဒီဒေသထဲမှာ မူးယစ်ဆေးဝါး တိုးပြီး ထုတ်လုပ်လာတာ၊ မှောင်ခိုရောင်းဝယ်လာတာတွေ တိုးလာတာနဲ့ တိုက်ရိုက်ကို သက်ဆိုင်နေတယ်လို့ ကျနော်တို့ မြင်ပါတယ်။”

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန အမှုဆောင် ဒါရိုက်တာ အန်တိုနီယို မာရီယာ ကော့စ်တာ (Antonio Maria Costa) ကတော့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဝနဲ့ ကချင် လက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေဟာ ဖြစ်လာနိုင်တဲ့ တိုက်ပွဲတွေအတွက် လက်နက်တွေ ဝယ်ယူနိုင်ဖို့ သိမ်းထားတဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်ပြီး ရောင်းချရာကနေ အခုလို နှုန်းတိုးလာတာလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာ့အရေး စောင့်ကြည့် လေ့လာနေသူတွေကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တိုးပြီး ရောင်းတာမျိုး မဟုတ်ဘဲ ဘိန်းနဲ့ တခြား မူးယစ်ဆေးတွေဟာ ပုံမှန်ပဲ ထွက်နေပြီး မကြာခင်လတွေအတွင်း မြန်မာအာဏာပိုင်တွေဘက်က ဖမ်းဆီးမှုတွေ တိုးလာတာကြောင့်လို့ ပြောတဲ့အပြင် ဒီ မူးယစ်ဆေး စိုက်ပျိုးရောင်းဝယ်မှုမှာလည်း မြန်မာစစ်တပ် ပါဝင်ပတ်သက်နေတယ်လို့ ဝေဖန်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG