သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား နိုဘယ်ဆု နဲ့ ဒေါ်အောင်ဆန်းစုကြည်


မြန်မာနိုင်ငံအပါအဝင် ဇင်ဘာဘွေ (Zimbabwe) နဲ့ အီရန် (Iran) နိုင်ငံတွေက ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို တလေးတစား ဆက်လက် အားပေး သွားမှာဖြစ်တဲ့အကြောင်း အမေရိကန်သမ္မတ အိုဘားမား (Obama) က နော်ဝေး (Norway) နိုင်ငံ အော်စလို (Olso) မြို့ နိုဘယ်ငြိမ်းချမ်းရေးဆု (Nobel Peace Prize) လက်ခံရယူတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လို တည်ငြိမ်တဲ့ ဂုဏ်သိက္ခာ အပြည့်နဲ့ ပြုပြင်ရေး ကြိုးပမ်းသူတွေ၊ ဇင်ဘာဘွေနိုင်ငံမှာ အရိုက်အနှက်ခံရတဲ့ကြား ရဲရဲဝံ့ဝံ့ မဲပေးခဲ့သူတွေ၊ အီရန်နိုင်ငံ လမ်းမတွေပေါ်မှာ ချီတက်ဆန္ဒပြသူတွေရဲ့ သတ္တိတွေကို တလေးတစား အားပေး ဂုဏ်ပြုရလိမ့်မယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

စစ်ပွဲကာလ လိုက်နာစောင့်ထိမ်းရမဲ့ ကျင့်ဝတ်တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မယ့် မဟာဗျုဟာကို မိန့်ခွန်းထဲမှာ အလေးအနက် ထည့်သွင်း ပြောဆိုရင်း ၂၀၀၉ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို သမ္မတအိုဘားမား လက်ခံရယူခဲ့ပါတယ်။

အာဖဂန် စစ်ပွဲအတွက် တပ်အင်အား သုံးသောင်း ထပ်မံစေလွှတ်မယ်လို့ ကြေညာအပြီး ရက်ပိုင်းအတွင်းမှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို သမ္မတ အိုဘားမား လက်ခံရယူတာဖြစ်ပါတယ်။ ဒီဆုကို နှိမ့်ချရိုကျိုးစွာ လက်ခံရယူတဲ့အကြောင်းနဲ့ ဆုချီးမြှင့်ဖို့ ရွေးချယ်တာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိတယ်ဆိုတာကိုလည်း သူ့အနေနဲ့ သိရှိတဲ့အကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။

စစ်ရေး ပဋိပက္ခတွေ မရှိဘူးဆိုတာထက် ငြိမ်းချမ်းရေး ဆိုတာ တည်ရှိနေဖို့က ပိုပြီးအရေးကြီးတယ်လို့ နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူတဲ့ အခမ်းအနားမှာ သမ္မတ အိုဘားမားက ပြောဆိုပါတယ်။ နိုင်ငံတွေအနေနဲ့ တရားမျှတတဲ့ စစ်ပွဲတွေကို ဆင်နွဲဖို့ မဖြစ်မနေ မလွှဲမရှောင်သာ အင်အားသုံး ဖြေရှင်းရတဲ့ အချိန်ကာလတွေ ရှိတယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

သူဟာ စစ်ပွဲနှစ်ခုကြားမှာ ရောက်နေတဲ့ သူဆိုတာကို ဝန်ခံပြောဆိုတဲ့ တချိန်တည်းမှာ အမေရိကန်ပြည်ထောင်စုကို ခြိမ်းခြောက်မှု အန္တရာယ်တွေ ရင်ဆိုင်နေရာတာကို ဒီအတိုင်း ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

သမ္မတ သက်တမ်း (၁၁) လအတွင်း အခုလို နိုဘယ်ဆု ချီးမြှင့်တာဟာ အချိန်အားဖြင့် စောနေတယ်ဆိုပြီး ဝေဖန်ကြတာနဲ့ ပတ်သက်လို့ ကမ္ဘာနိုင်ငံရေး စဉ်မြင့်မှာ သူ့ရဲ့ လုပ်ရပ် အစပိုင်းပဲ ရှိပါသေးတယ်၊ ဆုံးခန်းမတိုင်သေးပါဘူးလို့ သမ္မတအိုဘားမားက ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG