သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာများ ပြန်ပို့ခံရ


မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ဘင်္ဂလားဒေ့ရှ်မှာတော့ မြန်မာနိုင်ငံသားတွေကို ပြန်လည် မောင်းထုတ်နေပါတယ်။ နှစ်ပေါင်း ၂၀ နီးပါး နေထိုင်လာခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို ပထမဦးဆုံး အကြိမ်အဖြစ် အစုလိုက်၊ အပြုံလိုက် ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက်ကမ်းကို အတင်းအဓမ္မ ပြန်ပို့နေတာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နယ်စပ်က သတင်းထောက် ကိုအောင်စံမင်းက တင်ပြပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ရဲတွေက စစ်တကောင်း တောင်တန်းတွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား မွတ်ဆလင်တွေနဲ့ ရခိုင်လူမျိုးတွေကို နေရာအနှံ့အပြားမှာ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိသူပေါင်း ၆၀၀ ကျော်ကို အခုလပိုင်းအတွင်း အသုတ်လိုက်ခွဲပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဘက်ကို ခေါ်သွားပြီး မြန်မာနိုင်ငံဘက်ကို ပြန်ခိုင်းပါတယ်။

ဖမ်းဆီး ပြန်ပို့ခံရသူတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ အများအပြား ပြန်လာနေကြပါတယ်။ အဲဒီလို ပြန်လာနေကြသူတွေအနက် အလယ်ခွာတောင်မြို့နယ် ရွာဟောင်းရွာမှာ နေထိုင်ပြီး မကြာခင်က အဖမ်းခံ၊ ပြန်ပို့ခံခဲ့ရပြီး ပြန်လာခဲ့သူတဦးက အခုလို ပြောပြပါတယ်။

“ကျနော့်ကို လွန်ခဲ့တဲ့ ၁၅ ရက်လောက် ဘင်္ဂလားဒေ့ရှ်က ရဲတွေ ၅ ယောက် ၆ ယောက်လောက် လာပြီး လာဖမ်းတယ်။ စခန်းမှာ တည၊ အဲဒီမှာ ဖမ်းထားတဲ့ ဘင်္ဂါလီ ကုလားတွေလည်း အများကြီးရှိတယ်။ ရခိုင်ပြည် ကုလားတွေပဲ။ မနေ့အစောပိုင်းက ကျနော်တို့ကို ကားတွေနဲ့ ခေါ်သွားတယ်။ နယ်စပ်ကို ခေါ်သွားပြီး ခင်ဗျားတို့ ဟိုဘက်ကမ်းကိုသွား၊ မင်းတို့ပြည် မင်းတို့သွားဆိုပြီး လက်ညှိုးညွှန်ပြတယ်။ ပြီးတော့ ၁၅ မိနစ်လောက် အကြာမှာ ကျနော်တို့ကို လွှတ်ပြီးတော့ သူတို့ ပြန်သွားတယ်။ သူတို့ပြန်သွားတော့ ကျနော်တို့ ဒီက ဘင်္ဂါလီ ကုလားတွေနဲ့ ကိုယ့်နေရာကိုယ် ပြန်လာကြတယ်။”

မိမိနေထိုင်ရာ ကျေးရွာကို ပြန်လာသူတဦး ပြောပြသွားတာ ဖြစ်ပါတယ်။

ရဲတွေက အဲဒီလို လိုက်လံ ဖမ်းဆီးနေစဉ် အဖမ်းမခံရဘဲ အခုထိ ရှောင်တိမ်းနေရသူ တဦးကလည်း အခုလိုပြောပါတယ်။

“ကျနော် ဒီမှာနေတာ နှစ်ပေါင်း ၁၅ နှစ်ရှိပြီ။ ကိုယ့်ဟာကိုယ်ပဲ ဝါးခုတ် သစ်ခုတ် လုပ်စားနေတယ်။ လွန်ခဲ့တဲ့ တပတ်လောက်က ကျနော့်အိမ်ကိုလာပြီး ရခိုင်သားရော၊ မွတ်ဆလင်ရော ဖမ်းတယ်ဆိုပြီး လိုက်ရှာတယ်။ ဒါပေမဲ့ ကျနော်က အပြင်မှာရှိနေလို့ လွဲသွားတယ်။ ကျနော်လည်း ကိုယ့်ရခိုင်ပြည် ကိုယ် မပြန်ချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟိုမှာလည်း လွတ်လပ်ခွင့် မရှိဘူး။ ဒီမှာလည်း ဘယ်လိုဖြစ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ အာမခံချက် မပေးနိုင်ဘူး။

“အဲဒါ ကျနော်တို့ ဘယ်လိုလုပ်ပြီး နေထိုင်ရမလဲ။ ဒါကိုပဲ စဉ်းစားနေရတယ်။ သားနဲ့သမီးနဲ့ဆိုတော့၊ ကျနော်တို့လည်း အခု တောမှာပဲ ပုန်းပြီးနေရတယ်။ တခါတလေ အိမ်က မိုဘိုင်းနဲ့ အဆက်အသွယ် ယူပြီးတော့မှ အိမ်ကိုလာတယ်။ တပတ်မှ တခါ၊ နှစ်ခါ အဲလိုပဲရောက်တယ်။ အလုပ်လည်း ပြတ်နေတယ်၊ စားဝတ်နေရေးလည်း တော်တော် အခက်အခဲရှိတယ်။”

တပိုင်ရွာမှာ နေထိုင်ပြီး ရှောင်တိမ်းနေရသူတဦး ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကစပြီး ဘင်္ဂလားဒေ့ရှ်ကို တရားမဝင် ဝင်ရောက်လာခဲ့ကြပြီး အခြေချ နေထိုင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ အရင်က အခုလို တခါမှ ဖမ်းဆီး ပြန်ပို့ခဲ့တာ မရှိခဲ့ပါဘူး။ အခုအချိန်ကျမှ ဖမ်းဆီးလိုက်၊ နယ်စပ်ကို မောင်းထုတ်လိုက်၊ ဘင်္ဂလားဒေ့ရှ်ကို ဖြစ်တဲ့နည်းနဲ့ ပြန်လာလိုက်နဲ့ တော်တော် ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေပါတယ်။

အဲဒီလို မြန်မာနိုင်ငံသား မွတ်ဆလင်နဲ့ ရခိုင်လူမျိုးပေါင်း စစ်တကောင်း တောင်တန်းနယ် တခုလုံးမှာ ၅၀,၀၀၀ ထက်မနည်း ရှိနေကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG