သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ကြီးပိုင်း NLD ခေါင်းဆောင် တချို့နဲ့ ဒေါ်စု တွေ့ဆုံခွင့်ပြုမှု အမေရိကန် ကြိုဆို


နေအိမ်မှာ ဆက်လက်ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ သက်ကြီးပိုင်း ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခွင့် ရခဲ့တဲ့အပေါ် အမေရိကန် ပြည်ထောင်စုက အပြုသဘော ရှုမြင်ခဲ့ပေမဲ့ ဒီထက်ကျယ်ပြန့်တဲ့ တွေ့ဆုံမှုတွေ ဖြစ်ဖို့အတွက်လည်း မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

NLD ပါတီရဲ့ သက်ကြီးပိုင်း ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ပါတီ အတွင်းရေးမှူး ဦးလွင်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလွန်းတင်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် မနေ့တုန်းကပဲ တွေ့ဆုံခွင့် ရခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စုက ကြိုဆိုတဲ့အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ အီယန် ကယ်လီ (Ian Kelley) က သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာပါ။

“ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ပါတီက ဗဟိုကော်မတီဝင် လူကြီး ၃ ဦးထံ သွားရောက် ဂါရဝပြုဖို့ အာဏာပိုင်တွေက ခွင့်ပေးလိုက်တဲ့အတွက် ကျနော်တို့ ကြိုဆိုပါတယ်။ ဒါဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုကော်မတီ တခုလုံးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ဖို့ ခြေလှမ်းတလှမ်း ဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

အသက်အရွယ် ကြီးရင့်ပြီး ကျန်းမာရေးမကောင်း ဖြစ်နေကြတဲ့ ပါတီလူကြီးပိုင်းနဲ့ တွေ့ဆုံလိုကြောင်းနဲ့ ပါတီခေါင်းဆောင်တွေနဲ့ ပုံမှန်ဆွေးနွေးမှုတွေ လုပ်ဆောင်ခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးသား တောင်းဆိုခဲ့ပြီးတဲ့နောက် မနေ့တုန်းက တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒီလို တွေ့ဆုံမှုတွေအပေါ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်တယ် ဆိုပေမဲ့လည်း ဒီထက်ပိုပြီး ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်တာမျိုး မြင်တွေ့လိုတဲ့ အကြောင်းလည်း ပြောဆိုခဲ့တာပါ။

“ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တခြား သက်ဆိုင်သူ ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်သွားဖို့၊ အပေါင်းလက္ခဏာဆောင်တဲ့ လမ်းကြောင်းပေါ် ဦးတည်စေမယ့် စစ်မှန်တဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်သွားဖို့အတွက်လည်း မြန်မာစစ်အစိုးရကို ကျနော်တို့ ဆက်ပြီး တိုက်တွန်းပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အီယန် ကယ်လီ ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံရေး တိုးတက်မှု မရှိတဲ့ အခြေအနေတွေကြောင့် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက တိုက်ရိုက် ဆက်ဆံမှုတွေပါ လုပ်ဆောင်သွားဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဦးဆောင်ပြီး မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုတွေလည်း ရှိခဲ့တာပါ။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ လထဲတုန်းကပဲ မစ္စတာကမ်းဘဲလ်နဲ့ အတူ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သူ တဦးဖြစ်တဲ့ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီယယ် (Scot Marciel) ကတော့ အမေရိကန် ပြည်ထောင်စုက တိုက်ရိုက်ထိတွေ့မှုတွေနဲ့ ဆက်ဆံရေးတွေ ပြောင်းလဲသွားဖို့ ရည်ရွယ်ထားပေမဲ့ အခုအထိတော့ ထင်သလောက် တိုးတက်မှု မတွေ့ရသေးဘူးလို့ ဒီလဆန်းပိုင်းမှာတုန်းကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG