နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ သဘောတူထားတဲ့ အပစ်ရပ်အဖွဲ့တွေအတွက် သူတို့ရဲ့ တပ်သားအင်အား၊ လက်နက်အင်အား စာရင်းတွေကို ပေးအပ်ဖို့ မြန်မာစစ်တပ်ရဲ့ ဖိအားပေးတာကို ခံနေရတဲ့ အချိန်မှာပဲ တချို့တပ်ဖွဲ့တွေမှာ နယ်ခြားစောင့်တပ်ထဲကို ဝင်ဖို့ စာရင်းလာပေးတဲ့ သူတွေဟာ လေးငါး ရာခိုင်နှုန်းလောက်ပဲ ရှိနေပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ကို ဖွဲ့နိုင်ဖို့ အချင်းချင်းကြားမှာ အကြိတ်အနယ် ဆွေးနွေးနေရတာနဲ့ ပတ်သက်ပြီး တရုတ်၊ မြန်မာ နယ်စပ်ဒေသအရေး စောင့်ကြည့်လေ့လာနေတဲ့ သူတွေကို ဘန်ကောက်ရောက် ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
မြန်မာစစ်တပ်နဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တပ်ဖွဲ့တွေထဲက နယ်ခြားစောင့်တပ် အဖြစ်နဲ့ ပြောင်းလဲဖွဲ့စည်းဖို့ သဘောတူထားတဲ့ SSA မြောက်ပိုင်း ရှမ်းပြည်တပ်မတော်မှာ တပ်သားအင်အား လေးငါးထောင်လောက် ရှိနေပေမဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အဖြစ် ပါဝင်ဖို့ စာရင်းကောက်တဲ့ အခါမှာတော့ ၂၀၀ လောက်ပဲ ရှိနေတယ်လို့ တရုတ်၊ မြန်မာ နယ်စပ်ဒေသအရေး စောင့်ကြည့်လေ့လာနေတဲ့ ရှမ်းသတင်းစဉ်က အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောပါတယ်။
“SSA ဆိုရင် နယ်ခြားစောင့်တပ်လုပ်ဖို့ မူအရ သဘောတူညီတယ်၊ အခု သူတို့လူတွေကို သဘောပေါက်အောင် စည်းရုံးဆဲပဲဖြစ်တယ်လို့ အရင်တုန်းက တင်ပြခဲ့တယ်။ နအဖကလည်း ခင်ဗျားတို့ မူအရ သဘောတူတယ်ဆိုရင် ဘာမှ ဆွေးနွေးစရာ မလိုတော့ဘူး၊ ခင်ဗျားတို့ ၃ တပ်ရင်းလောက် ရနိုင်အောင် လူစုပါ၊ သဘောပေါက်တဲ့ လူတွေကို အကုန်လုံး စုလိုက်ပါလို့ ပြောတဲ့အခါကြတော့ သူတို့လည်း သဘောတူတဲ့ လူစာရင်း ကောက်တဲ့အခါကြတော့ လူ ၂၀၀ လောက်ပဲ ရတယ်။
“အဲလို လူ ၂၀၀ လောက်ပဲရတော့ နအဖကို ပြီးခဲ့တဲ့ နိုဝင်ဘာလက တင်ပြတဲ့အခါ နအဖက ပြောတယ်တဲ့၊ ခင်ဗျားတို့ လူက လေးငါးထောင်လောက် ရှိပြီးတော့မှ လူ ၂၀၀ လောက်ပဲ စာရင်းတင်ပြနိုင်တယ်ဆိုတာ မဟုတ်သေးဘူး၊ ခင်ဗျားတို့ ထပ်လုပ်ပါဆိုပြီး ပြောတဲ့အတွက် သူတို့လည်း အခု ဒီဇင်ဘာလဆန်းမှာ အစည်းအဝေး လုပ်ပြီးတော့ လူ ၁,၀၀၀ ကို ဘယ်လိုလုပ် ရအောင်လုပ်မလဲ၊ ကျန်တဲ့ လူ ၃,၀၀၀ ကျော်က ဘယ်လိုလုပ်မလဲ၊ အဲဒါတွေ သူတို့ ဆွေးနွေးနေကြတယ်၊ အခုထိ။”
မြန်မာစစ်တပ်က အလိုရှိတဲ့ တပ်သားအရေအတွက် ပေးနိုင်၊ မပေးနိုင်၊ တကယ်လို့ ၉၀၀ ကျော်က နယ်ခြားစောင့်တပ်ထဲ ဝင်သွားရင် ကျန်တပ်သားတွေရဲ့ အရေး၊ သူတို့ရဲ့ ရပ်တည်ချက်၊ ဒါတွေကို ဆက်ပြီး ဆွေးနွေးနေကြဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။
မိုင်းလားမှာ အခြေစိုက်တဲ့ NDAA ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မှာတော့ သူတို့ တောင်းဆိုချက်တွေကို လိုက်လျောမှု ရှိမရှိ သေသေချာချာ မသိရသေးချိန်မှာ သူတို့ရဲ့ တပ်သားဦးရေနဲ့ လက်နက် အရေအတွက် စာရင်းအတိအကျကို ပေးဖို့ မြန်မာစစ်တပ်ဘက်က ဖိအားပေးနေတာမို့ ဒီစာရင်းကို ပေးသင့် မပေးသင့် စဉ်းစားဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။
အခုလို တရုတ်၊ မြန်မာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေ အရေး မပြေမလည် ဖြစ်နေချိန်မှာ တရုတ်နိုင်ငံရဲ့ ဒု-သမ္မတ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတာမို့ ဒီ နယ်စပ်ပြဿနာထဲမှာ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးဖို့ ရှိမရှိ မေးကြည့်တဲ့ အခါမှာတော့ …
“တရုတ်၊ ဗမာ ဆက်ဆံရေးမှာ ရှိနိုင်တဲ့ ပြဿနာတွေ အားလုံးနဲ့ ပတ်သက်ပြီး သူတို့ ဘယ်နည်းနဲ့မဆို ခြုံပြီး ဆွေးနွေးသွားမှာပဲလို့ ကျနော်ထင်တယ်။ သို့သော်လည်း အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေ အကြောင်းချည်းပဲ အဓိကထားပြီး ဆွေးနွေးသွားမယ်လို့တော့ မထင်ဘူးပေါ့။ ဒီအပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ ပတ်သက်ပြီး အဓိကထားပြီးတော့ ဆွေးနွေးသွားနိုင်တာကတော့ ပြီးခဲ့တဲ့ အပတ်တုန်းက ချန်ဒူး စစ်ဒေသမှူး ဒု-ဗိုလ်ချုပ်ကြီး အားဟူရှင်း လာတုန်းက ဆွေးနွေးသွားပုံ ရတယ်လို့ အများက မြင်ကြပါတယ်။
“သူလာတုန်းကဆို အရှေ့မြောက်ပိုင်း တိုင်းမှူး အောင်သန်းထွဋ်နဲ့လည်း တွေ့တယ်။ တြိဂံ ကျိုင်းတုံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးနဲ့လည်း တွေ့တယ်။ ပြီးတော့ ရှမ်းပြည်နဲ့ ကယားပြည်နယ်တို့ကို အုပ်ချုပ်ထားတဲ့ ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့တယ်။ ဆိုတာ့ ဒီဥစ္စာ တော်တော်ကြီးကို ထူးခြားတာပေါ့။ ဘယ်နည်းနဲ့မဆို နယ်စပ်လုံခြုံရေးအကြောင်း ပြောမှာပဲ။ နယ်စပ်လုံခြုံရေးဆိုလည်း အဓိကကတော့ အခုလောလောဆယ် ပြဿနာဖြစ်နေတဲ့ဟာတွေ ပြောမှာပဲဆိုတာ အများက ခန့်မှန်းကြတာပေါ့။”
ဦးခွန်ဆိုင်း ပြောပြသွားတာ ဖြစ်ပါတယ်။
အခုလို မြန်မာစစ်အစိုးရဘက်က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ကြိုးစားနေတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအတွက်တော့ အကျိုးမရှိနိုင်ဘူးလို့ တရုတ်၊ မြန်မာ နယ်စပ်ဒေသက မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။
“လူမျိုးစု ပြည်သူတွေအတွက် အကျိုးမရှိဘူး၊ လူမျိုးစု ပြည်သူတွေ ကိုင်ထားတဲ့ လက်နက်တွေကို အကုန်သိမ်းတာကိုး။ မြန်မာအစိုးရအတွက်တော့ အကျိုးရှိတာပေါ့။ ဒါက သေချာတယ်။ တရုတ်ပြည်အတွက်တော့ လတ်တလော ဖွဲ့စည်းပုံ မတည်မငြိမ်ဖြစ်နေတဲ့ ကာလ၊ မြန်မာအစိုးရရဲ့ ဒီလို အခြေအနေမျိုးမှာ Border Guard နဲ့ပတ်သက်ပြီး တရုတ်ပြည်အတွက် လောလောဆယ် အကျိုးမရှိဘူးလို့ ကျနော်တော့ မြင်တယ်။ အကျိုးရှိတဲ့ကိစ္စက စီးပွားရေးရော၊ နိုင်ငံရေးရော ပတ်သက်တယ်။
“နိုင်ငံရေးအရဆိုရင် အခုလက်ရှိ ရှိနေသေးတဲ့ အဖွဲ့အစည်း အတော်များများက နိုင်ငံရေးအရ တရုတ်ပြည်အနေနဲ့ တော်တော်များများ အပေါ်စီးက ဆက်ဆံနိုင်တဲ့ အနေအထားမျိုးလည်း ရှိတယ်။ ဝဒေသဆိုပါတော့၊ တရုတ်ပြည်က ဝခေါင်းဆောင်တွေပဲ။ တရုတ်ပြည်က ဝတွေ၊ သူ ပြောနိုင် ဆိုနိုင်တဲ့ အခြေအနေ အများကြီးရှိတယ်။ တကယ်တော့ အဲဒီဒေသကြီးက မြန်မာအစိုးရ ဒေသကြီး ဖြစ်သွားပြီဆိုရင် တော်တော်များများ အခြေအနေ အချက်အလက် ဘယ်လိုသွားပြောမလဲ။ မြန်မာအစိုးရကို တိုက်ရိုက်ပြောမှ ရတော့မှာ ဖြစ်တယ်။ မြန်မာအစိုးရကလည်း သူပြောတိုင်း လုပ်တာမဟုတ်ဘူး၊ သူလုပ်ချင်ရာ လုပ်တဲ့ အစိုးရဖြစ်တယ်။
“စီးပွားရေးအရတော့ မြန်မာအစိုးရနဲ့ နယ်စပ်ကပ်နေတဲ့ နေရာ တော်တော်များများက စီးပွားရေး ပျက်တာပေါ့။ ကျနော်တို့ တွေ့ခဲ့တာပဲ၊ မောက်ငူတို့၊ ကြူကုတ် ပန်ဆိုင်းတို့၊ ကန်ပိုက်တီးတို့ ပန်ဝါတို့၊ ဒီနေရာတွေက သူ့သာသူ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ ရှိနေတဲ့ ကာလမှာ သူ့ဘာသာသူ အဆင်ပြေနေတာ၊ Legal ရော Illegal ရောပေါ့ဗျာ။ တကယ်တမ်း မြန်မာအစိုးရလည်း တက်ကိုင်ရော ဘာမှ သိပ်လုပ်မရဘူး ဖြစ်နေတယ်။ စီးပွားရေးအရ၊ နိုင်ငံရေးအရ လတ်တလော အခြေအနေမှာ Border Guard လုပ်တာ တရုတ်ပြည်အတွက် အကျိုးမရှိပါဘူး။”
ဦးအောင်ကျော်ဇော ပြောပြသွားတာ ဖြစ်ပါတယ်။