သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အလုပ်အမှုဆောင်အဖွဲ့ ပြန်ဖွဲ့ရေး ဒေါ်စု မေတ္တာရပ်ခံချက် လူကြီးတွေ သဘောတူ


နေအိမ်မှာ ဆက်လက် ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ သက်ကြီးပိုင်း ခေါင်းဆောင်တချို့နဲ့ ဒီတပတ်ထဲ တွေ့ဆုံခွင့်ရခဲ့ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ ရှေ့ဆက် လုပ်ဆောင်နိုင်စေဖို့ ပါတီထဲမှာ အပြောင်းအလဲတွေ လုပ်ဆောင်ရေး ဆွေးနွေးဖြစ်တယ်လို့ သူနဲ့တွေ့ဆုံခဲ့တဲ့သူတွေနဲ့ ပါတီ အကြီးတန်း ခေါင်းဆောင်တွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတာကို လိုက်လျောပြီး မြန်မာစစ်အစိုးရက ဒီလို ပါတီလူကြီးပိုင်း တချို့နဲ့ တွေ့ဆုံခွင့် ပေးခဲ့ပေမဲ့ ကျန်တောင်းဆိုချက်တွေကို လက်ခံဖို့ကိုလည်း NLD က လိုလားနေတာ ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

NLD ပါတီရဲ့ သက်ကြီးပိုင်း ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ပါတီ အတွင်းရေးမှူး ဦးလွင်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလွန်းတင်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ဗုဒ္ဓဟူးနေ့တုန်းက တွေ့ဆုံခွင့်ရချိန်မှာ ပါတီ ခေါင်းဆောင်ပိုင်း ပြန်လည်ဖွဲ့စည်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။ အထူးသဖြင့်ကတော့ အခုအခါ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ပါတီခေါင်းဆောင်တွေ နေရာမှာ အစားထိုး ပြန်လည်ဖွဲ့စည်းဖို့ တရားဝင် ခွင့်ပြုချက် တောင်းခံခဲ့တာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သူ တဦးဖြစ်တဲ့ ဦးလွင်က ပြောပါတယ်။

“ပြန်လည်ဖွဲ့စည်းရေး လုပ်မယ်။ အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေလည်း ဒုက္ခမပေးချင်ဘူး။ သို့သော်လည်း ဒါနဲ့ ပတ်သက်ပြီး ရပ်တည်ပေးဖို့ တရားဝင် ခွင့်တောင်းတာ၊ CEC ပြန်လည်ဖွဲ့စည်းဖို့ဆိုတာ။ အဲဒါ ပေးပါတယ်လို့၊ အဲလို ပြန်လည်ဖွဲ့စည်းတဲ့ဟာ သူ့သဘောနဲ့သူ လုပ်ပိုင်ခွင့် မရှိဘူးပေါ့၊ ဒီ လူကြီး ၃ ယောက်က သဘောတူမှ လုပ်သင့်တယ်၊ လုပ်ဖို့အချိန်လည်း ရောက်ပါပြီ။”

အသက်အရွယ် ကြီးရင့်ပြီး ကျန်းမာရေးမကောင်း ဖြစ်နေကြတဲ့ ပါတီလူကြီးပိုင်းနဲ့ တွေ့ဆုံလိုကြောင်းနဲ့ ပါတီခေါင်းဆောင်တွေနဲ့ ပုံမှန်ဆွေးနွေးမှုတွေ လုပ်ဆောင်ခွင့်ပေးဖို့၊ နောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဆွေးနွေးခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်အစိုးရခေါင်းဆောင်ထံ စာရေးသား တောင်းဆိုခဲ့ပြီးတဲ့နောက် တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒီလို တွေ့ဆုံမှုတွေ ထွက်ပေါ်လာတဲ့အတွက် မြန်မာ့နိုင်ငံရေးအတွက် အလားအလာကောင်းတွေ ဖြစ်လေမလား မျှော်လင့်မှုတွေလည်း ရှိခဲ့တာပါ။

ပါတီလူကြီး ၃ ယောက်နဲ့ တွေ့ဆုံခွင့် ပြုခဲ့တဲ့အပေါ် အမေရိကန် ပြည်ထောင်စုကလည်း ကြိုဆိုခဲ့တာ ဖြစ်သလို ကျန် ပါတီရဲ့ အလုပ်အမှုဆောင်တွေ အားလုံးနဲ့ရော တိုင်းရင်းသား အင်အားစုတွေ အပါအဝင် တိုင်းပြည်က သက်ဆိုင်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံနိုင်မယ့် ခြေလှမ်းတရပ်အဖြစ် မျှော်လင့်ကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ အီယန် ကယ်လီ (Ian Kelley) က ပြောခဲ့တာပါ။

NLD ပါတီ အတွင်းရေးမှူး တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန် တောင်းဆိုချက်တွေဖြစ်တဲ့ ပါတီအလုပ်အမှုဆောင် အဖွဲ့နဲ့ရော စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ပါ တွေ့ဆုံခွင့်ကို တိုင်းပြည်အကျိုး ရှေးရှုပြီး လိုက်လျောဖို့ လိုတယ်လို့ ဆိုပါတယ်။

“မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေက အလွန်သိမ်မွေ့တယ် ဆိုတာထက် အလွန်ကို Urgent ဖြစ်နေတယ်၊ အလွန်ကို တွန်းအားပြင်းနေတယ်လို့ ကျနော်ပြောချင်တယ်။ အဲဒီအတွက် မြန်မြန်ပြီးဖို့လိုတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် စာထဲမှာ ပါတဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD CEC ပုဂ္ဂိုလ်များ တွေ့ဆုံမှုကို မြန်မြန်ထက်ထက် အစိုးရအနေနဲ့ လိုက်လျောဖို့ ကျနော်တို့က မျှော်လင့်နေတယ်လို့ ပြောချင်ပါတယ်။

“နောက်ဆုံးအဆင့်ကတော့ ဒီစာရဲ့ နောက်ဆုံးပိုင်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တိုင်းပြည်ရဲ့ အကျိုးရှိရာ ရှိကြောင်း ကိစ္စတွေကို ဆွေးနွေးပါရစေ၊ ဒါကြောင့် ကျမကို တွေ့ခွင့်ပေးပါဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်ကို နအဖအစိုးရအနေနဲ့ အမြန်ဆုံး လိုက်လျောလိမ့်မယ်၊ အမြန်ဆုံး ဒီကိစ္စကို အကောင်အထည် ဖော်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။”

ဒီလို ပါတီလူကြီးပိုင်းနဲ့ တွေ့ဆုံမှုတွေ မတိုင်မီ စစ်အစိုးရရဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်နဲ့ အောက်တိုဘာလကစလို့ ၃ ကြိမ် တွေ့ဆုံခဲ့တာ ရှိခဲ့သလို အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) နဲ့လည်း တွေ့ဆုံခဲ့တာပါ။ ဒါပေမဲ့လည်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကမ်းဘဲလ်နဲ့အတူ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သူ တဦးဖြစ်တဲ့ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီယယ် (Scot Marciel) ကတော့ တိုက်ရိုက် ထိတွေ့မှုတွေနဲ့ ဆက်ဆံရေးတွေ ပြောင်းလဲသွားဖို့ အမေရိကန်က ရည်ရွယ်ထားပေမဲ့ အခုအထိတော့ ထင်သလောက် တိုးတက်မှု မတွေ့ရသေးဘူးလို့ ဒီလဆန်းပိုင်းမှာတုန်းကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG