ကရင်ပြည်နယ် ဖာပွန်မြို့နယ်နဲ့ ၁၀ မိုင်လောက် ကွာဝေးတဲ့ နေရာမှာ ကရင်ရိုးရာ စာပေနဲ့ယဉ်ကျေးမူ အသင်းက ကြီးမှူးတဲ့ ကရင်နှစ်သစ်ကူးပွဲတော် လုပ်နေချိန် ဗုံးပေါက်ကွဲတာကြောင့် လူ ၇ ဦး ထက်မနည်းသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီပေါက်ကွဲမှုရဲ့ နောက်ဆုံးအခြေအနေ နဲ့ပတ်သက်လို့ မအေးအေးမာ က သတင်းပေးပိုထားပါတယ်။
အခုဖြစ်ပွားခဲ့တဲ့နေရာကတော့ ဖာပွန်မြို့နဲ့ ၁၂ မိုင်အကွာ အမှတ် (၂) ရပ်ကွက် စာသင်ကျောင်းရှေ့က ဒုံးကွင်းလို့ ခေါ်တဲ့နေရာမှာ ဖြစ်ပွားခဲ့တာပါ။
မြို့ခံတွေရဲ့အဆိုအရ လူ ၉ ဦး သေဆုံးသွားပြီလို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေကို ဖာပွန်ဆေးရုံမှာ ကုသပေးနေသလို ထိခိုက်ဒဏ်ရာရသူ ၁၇ ဦး ရှိနေပါတယ်။ မြန်မာစစ်အစိုးရကတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကို စွပ်စွဲထားပါ တယ်။
မြို့ခံတဦးကတော့ ကရင်နှစ်သစ်ကူးပွဲတော် နဲ့ပတ်သက်ပြီး ကရင်အဖွဲ့အစည်းတွေကတော့ လုပ်မယ်လို့ မယူဆကြောင်း အခုလို ပြောပြပါတယ်။
"ရိုးရာပွဲတွေ လုပ်တဲ့အချိန်မှာ ကရင်အမျိုသားအစည်းအရုံး၊ ဒီကေဘီအေ ကရင် ဗုဒ္ဓဘာသာတပ်နဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီတို့ကတော့ လုပ်မယ်လို့ သူ မထင်ပါဘူး၊" - လို့ ကရင်ဘာသာနဲ့ ပြောခဲ့ပါတယ်။
အလားတူပဲ ဒေသခံ အာဏာပိုင်တွေ ဘက်ကလည်း ကရင်တွေရဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို မြန်မာ တနိုင်ငံလုံးနဲ့ နယ်စပ်ဒေသတွေ၊ နိုင်ငံတကာတွေမှာ ရိုးရာအစဉ်အလာအရ ကျင်းပတာမို့ ကရင်အဖွဲ့တွေက လုပ်မယ်မထင်ကြောင်း ထင်ကြေးတွေလည်း ပေးနေကြပါတယ်။ တချို့ကတော့ ကြားကနေ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တာ ဖြစ်နိုင်တယ် လို့ ပြောနေကြပါတယ်။
ကေအဲန်ယူ ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ငြင်းပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ ပြောတာကတော့ -
"နှစ်သစ်ကူးပွဲတော် ဆိုတာ ကျနော်တို့ ကရင် တမျိုးသားလုံးက၊ နေရာအသီးသီးကနေပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် တော့ တမျိုးသားလုံးရဲ့ ရိုးရာမင်္ဂလာ နေ့မြတ်အခါသမယ ဖြစ်ပါတယ်။ အဲဒီနေ့ကို ကျနော်တို့က စုစုစည်းစည်းနဲ့ မေတ္တာ တွေ ပို့ကြပြီးတော့ ပျော်ပျော်ပါးပါး ကျင်းပတဲ့နေရာမျိုးကို ကျနော်တို့ ကေအဲန်ယူ လို တကယ့်အဖွဲ့အစည်း တရပ်ကနေ ပြီးတော့၊ ကရင်ပြည်သူလူထုကို ဦးဆောင်တဲ့ အဖွဲ့အစည်းတရပ်ကနေပြီးတော့ ဒီလိုပွဲမျိုးကို ဗုံးဖောက်ပြီးတော့ ရုပ်ပျက် ဆင်းပျက် ဖြစ်အောင် လုပ်မယ်ဆိုတာကတော့ စဉ်းစားဆင်ခြင်မှု ရှိတဲ့သူတိုင်းက ဘယ်သူမှလည်း ယုံမှာမဟုတ်ပါဘူး။ ဒီ နယ်စပ်ဒေသမှာ လှုပ်ရှားနေတဲ့ ကရင်အဖွဲ့အစည်းကလို့ သူတို့ ပြောနိုင်လောက်အောင် ဖြစ်တယ်ဆိုလို့ရှိရင်လည်း ဘာဖြစ်လို့ အဲဒီလို နံမည်နာမ နဲ့ ဘယ်သူဘယ်ဝါ ဆိုပြီးတော့ သူတို့က တိုင်းသိပြည်သိ သူတို့က မကြေညာလဲ။ ကြေညာ တယ် ဆိုလို့ရှိရင် အဲဒီအခါ ကျနော်တို့က လွတ်လပ်တဲ့ အဖွဲ့အစည်းကနေ စစ်ဆေးနိုင်လောက်တဲ့ အနေအထားနဲ့ ဆိုရင် တော့ ဒါဟာ အစစ်အမှန် ပေါ်လာမှာပဲ။"
အာဏာပိုင်တွေ ဘက်ကတော့ ကေအဲန်ယူကို စွပ်စွဲခဲ့ပြီး စုံစမ်းဖော်ထုတ်သွားမယ်လို့ သတင်းစာတွေမှာ ဖော်ပြနေပါတယ်။ အခု နှစ်သစ်ကူး ဖြစ်နေတဲ့အချိန်မှာပဲ ထိုင်း-မြန်မာ နယ်စပ်မြို့က နို့ပိုး ကရင် ဒုက္ခသည်စခန်းတွင်းမှာ ရေပိုက်လိုင်းတွင်း ဆေးခပ်တယ်ဆိုပြီး လူတွေ ဝမ်းလျော နေတဲ့အတွက် ဆေးရုံမှာတက်လိုက်ရတဲ့ လူနာတွေလည်း အများအပြား ရှိနေပါ တယ်။
နှစ်သစ်ကူးလုပ်နေတဲ့အချိန်မှာ ဖြစ်သွားခဲ့ပြီး ဝမ်းလျှောတဲ့လူနာ အတော်များများက ကရင်လူမျိုးတွေ ဖြစ်ကြပါတယ်။ ဒီ့အတွက် ရေကန်တွေကို ဆေးကြောပြီး ရေပိုက်လိုင်းတွေကို ဖောက်ထုတ်ပစ်လိုက်ရပါတယ်။ စခန်းအုပ်ချုပ်ရေး တာဝန်ခံ ကတော့ ကရင်နှစ်သစ်ကူးနေ့မှာ ဆေးခပ်သွားတဲ့ဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး စခန်းတွင်းကနေ အပြင်ကိုထွက်ခွင့် လက်မှတ် တွေကို ပိတ်ပင်ထားလိုက်ပါတယ်။
အခုလို နှစ်သစ်ကူးရာသီဖြစ်တဲ့ ပွင့်လင်းရာသီမှာ မြန်မာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ထိုးစစ်ဆင်မူတွေ လုပ်လေ့ရှိပါတယ်။