သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတု ဘုံသဘောတူညီချက်အတွက် ညီညွတ်ကြပါရန် အိုဘားမားတိုက်တွန်း


အမေရိကန်သမ္မတ အိုဘားမားဟာ ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်က ခေါင်းဆောင်တွေနဲ့အတူ ကိုပင်ဟေဂင်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာညီလာခံ နောက်ဆုံးနေ့ကို တက်ရောက်ခဲ့ပါတယ်။ စေ့စပ်ဆွေးနွေးမှုတွေ အဆုံးသတ် သွားခဲ့ပေမဲ့ ညှိနှိုင်း အဆိုပြုချက်အသစ်တွေ ထွက်ပေါ်လာခြင်းမရှိဘဲ၊ ဆွေးနွေးပွဲတွေက နိုင်ငံရေးအရ အခိုင်အမာ ရပ်တည်ချက်တွေ ဖြစ်ပေါ်လာဖို့အတွက် ဦးတည်သွားစေခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် Sonja Pace သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။

အမေရိကန်သမ္မတ အိုဘားမားက ကမ္ဘာ့ခေါင်းဆောင်တွေကို မိန့်ခွန်းပြောကြားရာမှာ မတူညီမှုတွေကို အသာဘေးဖယ် ထားပြီး၊ အရေးတယူ လုပ်ဆောင်ရမယ့် အစီအစဉ်တွေကို သဘောတူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။

"စေ့စပ်ဆွေးနွေးသူတွေကြားမှာ ဒီကိစ္စကို လပေါင်းများစွာ အပြန်အလှန် ပြောဆိုခဲ့ကြတာ၊ ၂ ပတ်ကြာ ညှိနှိုင်းတာတွေ၊ မရေမတွက်နိုင်တဲ့ သီးခြား အစည်းအဝေးတွေ၊ နှစ်နိုင်ငံ ပြောဆိုဆွေးနွေးတာတွေ နဲ့ နာရီပေါင်းများစွာ ဆွေးနွေးခဲ့ကြပြီး တဲ့နောက် ဒီသဘောတူညီချက်ရဲ့ အချက်အလက် အသေးစိတ်တွေဟာ အခုဆိုရင် ရှင်းရှင်းလင်းလင်း ရှိနေသင့်ပြီလို့ ကျနော် ယုံကြည်ပါတယ်။"

ဖန်လုံအိမ် အာနိသင်ဓါတ်ငွေ့ကို လျှော့ချနိုင်ဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ချက်တွေနဲ့ လေးစားလိုက်နာရမယ့် အချက်တွေကို ဖော်ပြနိုင်ဖို့အတွက် ပွင့်လင်းမြင်သာတဲ့ စံသတ်မှတ်ချက်တွေနဲ့ ရာသီဥတုပြောင်းလဲမှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ နိုင်ငံတွေနဲ့ အဆင်းရဲဆုံးနိုင်ငံတွေအနေနဲ့ ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်နိုင်ဖို့အတွက် ငွေကြေး ထောက်ပံ့မှု စတာတွေပါဝင်တဲ့ အစီအစဉ်အတွက် အဆိုပြုချက်တွေကို အမေရိကန်နိုင်ငံဘက်က ကမ်းလှမ်းခဲ့ပါတယ်။

သမ္မတအိုဘားမားကတော့ အခုလက်ရှိအဆိုပြုထားတဲ့ ကမ်းလှမ်းချက်အပြင် တခြားကမ်းလှမ်းချက်အသစ် တစုံတရာ အဆိုပြု ကမ်းလှမ်းသွားတာ မရှိခဲ့ပါဘူး။ အခုလက်ရှိမှာတော့ အမေရိကန်ဘက်က သက္ကရာဇ် ၂၀၂၀ ခုနှစ်ကျရင် ဖန်လုံ အိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုကို ၁၇ % လျှော့ချနိုင်ဖို့ နဲ့ ၂၀၅၀ ခုနှစ်ကျရင် ၈၀ % လျှော့ချသွားဖို့အပါအဝင်၊ သက္ကရာဇ် ၂၀၂၀ ခုနှစ်ကျရင် တနှစ်ကို ဒေါ်လာ သန်းပေါင်း ၁ သိန်းလောက်ရအောင် ဖွံ့ဖြိုဆဲနိုင်ငံတွေကို ကူညီဖို့အတွက် တခြား နိုင်ငံတွေနဲ့ ပေါင်းပြီး လုပ်ဆောင်သွားဖို့ သံန္နိဋ္ဌာန် ချမှတ်ထားပါတယ်။

ဒီအစီအစဉ်က လူတိုင်းကို စိတ်ကျေနပ်စေမှာ မဟုတ်ဘူးဆိုတာကို သမ္မတအိုဘားမားက ဝန်ခံသွားပေမဲ့၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားစေမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

"ဒီ သဘောတူညီချက်ကို ကျနော်တို့ ကြိုဆိုနိုင်ပြီး၊ ဒီကနေ အရေးကြီးတဲ့ ခြေလှမ်းသစ်တွေ ချမှတ်သွားမယ်။ ဒါကို ပိုပြီး တော့ ကောင်းအောင် ဆက်လက် မွမ်းမံပြီးတော့၊ ဒီအခြေခံပေါ်မှာ တည်ဆောက်သွားကြရမှာဖြစ်ပါတယ်။"

အခုလက်ရှိမှာတော့ နောက်ထပ် ညှိနှိုင်းဆွေးနွေးမှုတွေလုပ်မယ့် အရိပ်အယောင်တွေတော့ မတွေ့ရသေးပါဘူး။ တရုတ် နိုင်ငံဘက်ကလည်း သူတို့ရဲ့ ဓါတ်ငွေ့ထုတ်လွှတ်မှု လျော့ချတာကို ပြင်ပကစောင့်ကြည့်လေ့လာတာတွေ လုပ်ဖို့ကို ခွင့် မပြုခဲ့ပါဘူး။ ဒီကိစ္စက ညီလာခံအတွင်းမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံကို သဘောထားကွဲလွဲမှုတွေ ဖြစ်စေခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံက စင့်မြင်ပေါ်မှာ မိန့်ခွန်းပြောကြားလိုက်တဲ့အချိန်မှာ တခြား ကမ္ဘာ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အစိုးရတွေ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့နဲ့ အဲဒီလုပ်ဆောင်ချက်တွေကို ဆက်လက်ပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားဖို့အတွက် ခြေလှမ်းတွေကို အဓိက အာရုံစိုက် လုပ်ဆောင်နေကြပါတယ်။

နောက်ထပ် သဘောတူညီချက်တွေ ထပ်ပြီးမရခဲ့တဲ့အတွက် တချို့ကတော့ စိတ်ပျက်ခဲ့ကြပါတယ်။ အဲဒီလို စိတ်ပျက်တဲ့ သူတွေအထဲမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံတွေ ကိုယ်စား ပြောကြားခဲ့တဲ့ လီဆိုသို (Lesotho) နိုင်ငံက ဝန်ကြီးချုပ် ပါကာလီသာ မိုဆီဆီလီ လည်း ပါဝင်ပါတယ်။

"ကျနော်တို့ စိတ်ပျက်မိတယ်လို့ ပြောရတာဟာ အတော်လေးကို လျှော့ပေါ့ပြီး ပြောတာဖြစ်ပါတယ်။ အထူးသဖြင့် ၂၄ လ ကြာအောင် အပြင်းအထန် စေ့စပ်ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး၊ ဒီညီလာခံရဲ့ အထူးချိန်ဆချက်တွေအရ၊ ဥပဒေအရ မဖြစ်မနေ လိုက်နာရမယ့် သဘောတူညီချက်ကို မရခဲ့တာကို စိတ်ပျက်တယ်လို့ ပြောရတာ အတော်ကို လျှော့ပြီးတော့ ပြောတာ ဖြစ်ပါ တယ်။"

၁၉၉၇ ခုနှစ် ကျိုတိုသဘောတူစာချုပ်ကို ဆက်ခံနိုင်မယ့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တရပ် ဖြစ်ပေါ်လာဖို့ လိုလား နေတဲ့သူတွေကတော့ ဒီညီလာခံကနေ အဲဒီလို သဘောတူညီချက်တရပ် ထွက်ပေါ်လာလိမ့်မယ်လို့ အစောပိုင်း ကတည်းက သံသယတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီညီလာခံကြီးမှာ နိုင်ငံရေး သဘောတူညီချက်တရပ် ချမှတ်ဖို့၊ ဆွေးနွေးပွဲတွေ အရှိန်မြှင့်တင်ပြီး နောက်ထပ်ဆွေးနွေးမှုတွေ ဒီ့ထက်မက ထပ်လုပ်ကြဖို့လိုတယ် ဆိုတာကို အားလုံးက အသိအမှတ် ပြုထားကြတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG