သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဆင်းရဲမှုကို စီးပွားရေးနိုဘယ်ဆုရပုဂ္ဂိုလ်ကြီး ကယ်တင်နိုင်မလား?


မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု ပြဿနာတွေကို အဖြေရှာရေးအတွက် စီးပွားရေးနိုဘယ်ဆုရ (Nobel Economics Laureate) ပါမောက္ခ Joseph Stiglitz ကို စစ်အစိုးရက လက်ခံတွေ့ဆုံခဲ့ပါတယ်။ အဂတိလိုက်စားမှုတွေနဲ့ ကျိကျိတက် အောင် ချမ်းသာနေကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက ဆင်းရဲမွဲတေနေကြတဲ့ ပြည်သူတွေကို ကယ်တင်ဖို့ ကမ္ဘာကျော်စီးပွားရေ ပါရဂူကြီးကို ခေါ်ယူတိုင်ပင်ခဲ့တဲ့ သဘောဖြစ်ပါတယ်။ ပါမောက္ခ Joseph Stiglitz ကတော့ စိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာ့ စိးပွားရေးမှာ တချိန်ကလို အာရှစပါးကျီ (Rice Basket of Asia) အဖြစ် တင်စားခံခဲ့ရတဲ့ အခြေအနေမျိုးအထိ ပြန်ရောက် နိုင်အောင် လုပ်ဆောင်သင့်တဲ့ လိုအပ်ချက်တွေကို ထောက်ပြပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ပါမောက္ခ Joseph Stiglitz ရဲ့ မြန်မာပြည်ခရီး၊ စီးပွားရေးအကြံပြုချက် နဲ့ စိုက်ပျိုးရေးအခြေခံတဲ့ မြန်မာ့စီးပွားရေးမှာ ဘာကြောင့် ဆုတ်ယုတ်မှုတွေ ပေါ်ခဲ့ ရသလဲဆိုတာကို မြန်မာနိုင်ငံရဲ့ တခုတည်းသော စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်း ဒေါက်တာ ဆလိုင်းထွန်းသန်း ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း တင်ပြ ထားပါတယ်။

ဆလိုင်းထွန်းသန်း ။ ။ စပါးကျီအဖြစ်ကနေ ဘယ်လိုလုပ်ပြီး ဆင်းရဲသလဲဆိုတာကို လောလောဆယ် အစိုးရကို ပြောမယ့် အစား ဟိုတုန်းကတည်းက နည်းနည်းလေး သန္ဓေတည်လာတယ်။ ဟိုတုန်းကတော့ ရောင်းမယ့်လူတွေက အများကြီး၊ ဝယ်မယ့် လူတွေကလည်း အများကြီးပေါ့။ ဂျပန်တို့ ကုလားတို့က ကျနော်တို့ရဲ့ မိတ်ဆွေတွေ ကျနော်တို့ရဲ့ စပါးကို ဝယ်တဲ့ လူတွေ။ အဲဒီကနေ ဘယ်လိုဖြစ်လာလဲဆိုလို့ရှိရင် အခုက ရောင်းတဲ့စနစ်မှာ သူတို့က ပိုပြီးတော့ ရတဲ့လူကို ရောင်းချင် လာ တယ်။ တကယ်တော့ စပါးရောင်းတယ်ဆိုတာ စပါးဆိုတဲ့အရာက နေ့တိုင်းစားရတဲ့အရာဆိုတော့ ကိုယ့်မှာ ဖောက်သည် ဆိုတာ ရှိတယ်။ အဲဒီ ဖောက်သည်က တခါတလေလည်း ဈေးနည်းမယ်၊ တခါတလေလည်း ရှုံးမယ်၊ မြတ်မယ်ဆိုတဲ့ သဘော မျိုးပေါ့။ အမြတ်နည်းတာနဲ့ များတာပဲ ရှိတယ်။ အဲဒီအခါမှာ အမြတ်များတယ်ဟာတွေကို ရောင်းလိုက်တဲ့အခါမှာ ဖောက်သည်က တဖြည်းဖြည်း ပျက်လာတယ်။

အဲဒီ ပျက်တဲ့ထဲမှာ ဦးနေဝင်း လက်ထက်မှာ ဘာလုပ်လိုက်လဲဆိုလို့ရှိရင် ဈေးပြိုင်စနစ်နဲ့ ပိုပြီးလုပ်လာခဲ့တယ်။ ဈေးပြိုင် စနစ်နဲ့ လုပ်လာတဲ့အခါကြတော့ နောက်ဆုံးကျတော့ ဝယ်မယ့်လူ မရှိတော့ဘူး။ ဘာကြောင့် မရှိသလဲဆိုလို့ရှိရင် ဂျပန်က လည်း လုံလောက်နေပြီ၊ အိန္ဒိယကလည်း လုံလောက်နေပြီ၊ တရုတ်ကလည်း သူဘာသာ ကြိုးစားပြီးတော့ လုံလောက်နေပြီ။ အဲဒီလိုတွေ ဖြစ်လာတဲ့အခါကြတော့ မြန်မာနိုင်ငံက စပါး ရောင်းရခက်ကုန်ပြီး ဘယ်လိုဖြစ်ကုန်သလဲဆိုတော့ ရုရှားနဲ့ အရောင်းအဝယ် လုပ်ခဲ့တယ်။ ရုရှားနဲ့ အရောင်းအဝယ်လုပ်တော့ ရုရှားက ကျနော်တို့ကို ဘိလပ်မြေပေးတယ်၊ ကျနော်တို့ က စပါးပေးတယ်။ ကျနော်တို့က စပါးကို ဖြစ်သလို ထည့်ပေးလိုက်တယ်။ သူတို့ကလည်း ဘိလပ်မြေကို သင်္ဘောဗိုက်ထဲမှာ ဒီအတိုင်းကြီး ထည့်ပေးလိုက်တယ်။ အဲဒီလို အမျိုးမျိုးတွေဖြစ်ကုန်ပြီး အဲဒီအချိန်ကစလို့ ကျနော်တို့ ဒလိမ့်ခေါက်ကွေး ဖြစ် ကုန်တော့တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုရင် ဆရာကြီးပြောတဲ့ ပုံစံအရဆိုလို့ရှိရင် မြန်မာနိုင်ငံက တချိန်က အာရှဒေသရဲ့ စပါးကျီ အဖြစ် ကနေ လျော့ကျခဲ့ရတဲ့ ပြဿနာက စိုက်ပျိုးရေးမှာ ဒီလိုသီးနှံအထွက်နှုန်းကျလာတဲ့ ပြဿနာကြောင့် မဟုတ်ဘဲနဲ့ အပြင်ဘက်ကို ထွက်ပြီးတော့ စီမံကိန်းအရ ရောင်းချမှုပြဿနာကြောင့် ဖြစ်တယ်ဆိုတဲ့ သဘောကိုပြောချင်တာလား?

ဆလိုင်းထွန်းသန်း ။ ။ အမှန်ကတော့ အဲဒါပဲ။ ကျနော်တို့က ဘယ်တုန်းကမှ ကျနော်တို့ စိုက်ပျိုးအထွက်နှုန်းက မလျော့ခဲ့ ဘူး။ မလျော့ခဲ့ပေမဲ့လို့ အခုနပြောသလိုဖြစ်တယ်။ နောက်တဖြည်းဖြည်း ဘာဖြစ်လာလဲဆိုရင် တောင်သူတွေက ဟိုတုန်းက ဆိုရင် သူတို့က စီးပွားဖြစ် လယ်ဧကတွေ ရှိကြတယ်။ အနည်းဆုံး ၁၄-၅ ဧက၊ ၁၀ ဧက လောက်ရှိကြတယ်။ တစ်ဧက၊ နှစ်ဧက လောက်ရှိကြတဲ့လူတွေက အဲဒါကို ကောင်းကောင်းမစိုက်တော့ဘူး။ အဲဒါတွေကြောင့် ပါတယ်။ ဒုတိယက မြေကို မပိုင်ကြဘူး။ မြေက ကိုယ်ပိုင်မဟုတ်ဘဲ၊ သူများဆီက အငှားတွေက များနေတယ်။ များနေတဲ့အတွက် အဲဒါကလည်း ကောင်းကောင်းမွန်မွန် မလုပ်တဲ့အခါကျတော့ နည်းနည်း သီးနှံတွေက ကျသွားတယ်။ နောက်ပြီးတော့ တဖြည်းဖြည်း လုပ်ပုံ ကိုင်ပုံတွေကလည်း မဟုတ်တဲ့အခါကျတော့ မြေကြီးရဲ့ အခြေအနေက အတော်လေးကို မလုပ်တဲ့ အခါကျတော့ (အခုနကိစ္စတွေကြောင့်)၊ နောက်ပြီးတော့ ခေတ်မီပညာကလည်း မတတ်တော့ နောက်ဆုံးကျတော့ ကျနော်တို့က တဖြည်းဖြည်း ကျကျလာတယ်။ ဖောက်သည်ကလည်း နည်းလာတော့ လုံးလုံးကြီးကို ကျသလောက်ဖြစ်သွားခဲ့တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဖောက်သည်နည်းတော့ စပါးရောင်းရ ဝယ်ငွေနည်းလာတယ်။ ဝင်ငွေနည်းလာတော့ ပြည်တွင်း မှာ လည်း လုပ်နိင်ကိုင်နိင်စွမ်းရည်တွေ၊ ခေတ်မီအောင်လုပ်နိင်တဲ့ စွမ်းရည်တွေနည်းလာတော့ တဖြည်းဖြည်းနဲ့ အထွက်နှုန်း ပါ ကျဆင်းလာတဲ့ သဘောပေါ့။ အဲဒီ သံသယကို ပြောချင်တာလား။

ဆလိုင်းထွန်းသန်း ။ ။ ဟုတ်ပါတယ်။ အဲဒါပါပဲ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဆရာကြီးတို့ မြန်မာပြည်မှာရှိခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်စနစ်ခေတ်မှာ အဲဒီအချိန်တုန်းက ဆရာကြီးတို့အနေနဲ့ စိုက်ပျိုးရေးတက္ကသိုလ်မှာလည်း ပါမောက္ခအနေနဲ့ ဆောင်ရွက်ခဲ့တော့ မြန်မာနိုင်ငံမှာ ဒီလို စပါး ရောင်းဝယ်ရေးကိစ္စ၊ စပါးထွက်နှုန်းကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ ကြီးကြီးကြပ်ကြပ် ဆောင်ရွက်ပေးခဲ့ ရတာတွေ ရှိသလဲ၊ အကြံပေးခဲ့ရတာတွေ ရှိသလဲ။

ဆလိုင်းထွန်းသန်း ။ ။ ကျနော် အဲဒီမှာ ရောက်စတုန်းက ဗိုလ်ချုပ်တင်ဖေ - ပထမဦးဆုံး စိုက်ပျိုးရေးဝန်ကြီး - သူ့ကို ကျနော် အကြံပေးခဲ့တယ်။ ဘယ်လိုလုပ်ရင် ကောင်းမလည်းဆိုတာကို အကြံပေးခဲ့တယ်။ သူက ကျနော်တို့ ပြောတဲ့ဥစ္စာကို ဒီလောက်ကြီး ဂရုမစိုက်ဘူး။ သူ့ဟာသူပဲ လုပ်ကိုင်သွားခဲ့တယ်။ သူတို့ဘာသာ လုပ်ရင် ရတယ်လို့ ထင်တယ်။ သို့ပေမဲ့ အဲဒီအချိန်မှာ ဘယ်လောက်ဘဲ ကျတယ်ဆိုပေမဲ့ အထွက်ကတော့ ထွက်တုန်းပဲ၊ နည်းနည်းလေးပဲ ကျတာ။ ဒါပေမဲ့ ကျနော်တို့လောက် ထွက်နေတာ၊ ကျနော်တို့လောက်တော့ မထွက်သေးတာက ယိုးဒယား ထိုင်းက ထွက်နေတယ်။ အဲဒီ အချိန် မှာ ကျနော်တို့ ဖောက်သည်တွေကို အကုန်လုံး ယူပစ်လိုက်တယ်။ ဟိုတုန်းကဆိုရင် ဗမာပြည်က ဘယ်လောက်ထိ စိုးမိုးခဲ့သလဲဆိုရင် စပါးဈေးကို ပြောနိုင်တယ်၊ စပါးအမျိုးအစားကို သတ်မှတ်နိုင်တယ်။ အခုက အဲဒါတွေအားလုံး ပျောက်ပြီး တော့ ကျနော်တို့က နေရင်ထိုင်ရင် ကုလားထိုင်ပျောက်ပြီး ပြောနိုင်ခွင့်၊ ဆိုနိုင်ခွင့်တွေ ပျောက်ကုန်ခဲ့တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါက ပြင်ပနဲ့ ဆက်သွယ်ပြီးတော့ ရောင်းဝယ်ခဲ့တဲ့ ပြဿနာတွေ။ ပြည်တွင်းမှာကြတော့ အဲဒီခေတ်မှာ လယ်သမားတွေအနေနဲ့ ပြည်ပကို ကိုယ့်သဘောနဲ့ကိုယ် တင်ပို့ပိုင်ခွင့်၊ ဖောက်သည်ရှာပိုင်ခွင့်တွေ မရှိတော့ဘူးလား။

ဆလိုင်းထွန်းသန်း ။ ။ ကျနော်တို့ မြန်မာ့ဆိုရှယ်လစ် ခေတ်ကြတော့ ဘယ်လိုလဲဆိုတော့ အစိုးရကလွဲလို့ ဘယ်သူမှ လုပ်ပိုင် ခွင့် မရှိဘူး။ အစိုးရနဲ့ သမဝါယမ ဒီနှစ်ခုပဲ ရှိတယ်။ အစိုးရက ကိုင်ထားတော့ ဘယ်လိုမှ လှုပ်လို့မရဘူး။ ဘာမှလုပ်လို့ မရ ဘူး။ အဲဒီအချိန်အခါတုန်းက အများသိတဲ့အတိုင်း ကွမ်းယာဆိုင်၊ ပဲပြုပ်သည်တွေတောင် ပြည်သူပိုင်သိမ်းခံရတာ။ အဲဒီလို ဖြစ်လာတယ်။ နောက် ၈၈ နောက်ပိုင်းကြမှ ကျနော်တို့က အခုနပြောတဲ့ နိုင်ငံတကာနဲ့ တခြားလူတွေကို ပေးတဲ့ဆိုတာ တခါလေး နည်းနည်းလေး ဟသွားတဲ့ သဘော။ လုံးဝကြီး မပွင့်သေးဘူး။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့် ဒီပြီးခဲ့တဲ့အပတ်တုန်းက အမေရိကန်စီးပွားရေး ပညာရှင်ကြီး ပါမောက္ခ Joseph Stiglitz ကို မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်လာခဲ့တယ်။ ဒီ ပါမောက္ခ Joseph Stiglitz အနေနဲ့တော့ မြန်မာစီးပွားရေး ပြန်လည်ဦးမော့လာပြီး ဆင်းရဲတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ဆိုလိုရှိရင် စိုက်ပျိုးရေးကဏ္ဍမှာ ပိုပြီးတော့ တိုးတက်မှုတွေရှိအောင်လုပ်ဖို့ အကြံပေးသွားတာကို တွေ့ရပါတယ်။ အဲဒီ အကြံပြုချက် တွေမှာ အထူးသဖြင့် လယ်သမားတွေကို လယ်ယာစိုက်ပျိုးရေး ချေးငွေ၊ အမတော်ကြေးငွေတွေ ပိုပြီးတော့ ထုတ်ပေးရေး ကိစ္စအချက်တချက်ပါတာ တွေ့ရတယ်။ အရင်တုန်းကရော ဗမာနိုင်ငံမှာ လယ်သမားတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေတို့၊ စိုက်ပျိုးရေးဘဏ်တို့ကို ဆရာကြီးတို့အနေနဲ့ ဦးဆောင်လုပ်ခဲ့ဖူးသလား?

ဆလိုင်းထွန်းသန်း ။ ။ ကျနော်တို့ စိုက်ပျိုးရေးကို အမတော်ကြေး ချေးတာ ကျနော်တို့ကိုယ်တိုင် ရွာတွေသွားပြီးတော့ ချေးဖူးပါတယ်။ ဗမာပြည်မှာ ရှိပါတယ်။ ဦးနု လက်ထက်ကတည်းက ရှိခဲ့ပါတယ်။ ရှိခဲ့ပေမဲ့ ဒါက တခါတလေ political weapon နိုင်ငံရေးလက်နက် ဖြစ်လာတယ်။ ကိုယ့်ကို ထောက်ခံရင် ပေးတယ်၊ ကိုယ့်ကို မထောက်ခံရင် မဖြစ်ဘူး။ ဆိုရှယ်လစ်ခေတ်ရောက်တော့ ပိုပိုပြီး ဆိုးလာခဲ့တယ်။ ဘယ်လို ဖြစ်လာသလဲဆိုရင် ကျေးရွာဘဏ် ခေါ် စိုက်ပျိုးဘဏ် တွေကနေ တတ်နိုင်သမျှ လုပ်ပေးပေမဲ့ top down အပေါ်ကနေ အမိန့်ပေးပြီး လုပ်တာကြောင့် အောက်ကနေ လိုလိုလားလား လုပ်ချင်လို့လုပ်တာ မရှိတော့ဘူး။ အဲဒီ ဘဏ်တွေက ငွေချေးဝေပေးတာကို ကျနော် နည်းနည်းပါးပါး မေးမြန်း ကြည့်တယ်။ လယ်သမားတွေအနေနဲ့ လုပ်ချင်သလား၊ ကိုင်ချင်သလား။ လယ်သမားတွေနဲ့ အတင်းခိုင်း (ဆရာကြီးပြောလို့၊ ဗိုလ်မှုးပြောလို့) လို့ လုပ်ရတဲ့သဘော ပြောဆိုကြတယ် (ဖြစ်ကုန်တယ်)။ အဲဒါတွေကို ကျနော်တို့ လယ်သမားတွေ နားလည်အောင် မကြိုးစားခဲ့ကြဘူး။

ဦးသန်းလွင်ထွန်း ။ ။ အခု နိုင်ငံခြားပါမောက္ခ က အကြံပေးလာတာကြောင့် ဒီကိစ္စတွေ တိုးတက်လာမယ်လို့ ထင်သလား။

ဆလိုင်းထွန်းသန်း ။ ။ ကျနော်ထင်တယ် မလုပ်ချင်ရင်တော့ သိကြားမင်း လာပြီး အကြံပေးရင်တောင် ဖြစ်မှာမဟုတ်ဘူး။ လုပ်ချင်မှဘဲဖြစ်မှာ။ လုပ်ချင်ရင်လည်း တောင်သူတွေကို နားလည်အောင် လုပ်ရမယ်။ တောင်သူတွေကိုယ်၌ကိုက လုပ်ချင် ကိုင်ချင်မှုကြောင့် လုပ်တဲ့အခါကျမှ ဖြစ်မယ်။ ဒီကိစ္စက အပေါ်ကလုပ်လို့ မရဘူး။ တောင်သူဆိုသူတွေ သူတို့ကိုယ်တိုင် လုပ်ချင်မှ။ တနည်းအားဖြင့်ပြောရင် စီးပွားရေးဆိုတာ အမိန့်ပေးစနစ်နဲ့ မလွယ်ဘူး။ မြန်မာ့စီးပွားရေး ရှေ့ တလှမ်းတက် ဆိုပေမယ့် သူတက်ချင်မှ တက်မှာ၊ ဘေးဖယ်ချင်ရင် ဖယ်မှာ၊ နောက်ဆုတ်ရင် ဆုတ်မှာ။

ဦးသန်းလွင်ထွန်း ။ ။ ပါမောက္ခ Joseph Stiglitz ရဲ့ အကြံပေးချက်တွေထဲမှာ လက်တွေ့ကျတဲ့ အကြံပေးချက်တွေ ဘာတွေ ပါသလဲ?

ဆလိုင်းထွန်းသန်း ။ ။ လက်တွေ့ကတော့ အမတော်ကြေး ပေးတာကတော့ ကောင်းပါတယ်။ fertilizer လည်း ကောင်းပါ တယ်။ ပြီးတော့ တောတွေမှာ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ ဆိုတာတွေလည်း ကောင်းပါတယ်။ သို့သော်လည်း ဒီဥစ္စာ ထက် သူဘယ်လောက်ပဲ ပညာတက်ပေမဲ့ သူက ကျနော်တို့ ဗမာပြည်ရဲ့ စိုက်ပျိုးရေးကို သူ မသိဘူး။ မသိဘူးဆိုတာက ဗမာပြည်သားတောင် တော်တော်တန်တန် လူတွေက မသိကြဘူး။ အဲဒါကို ကျနော် ဆိုလိုတာပါ။ မသိတဲ့အခါကျတော့ သူပေးတဲ့အကြံက ဘယ်လောက်ကောင်းကောင်း တခါတလေကျရင် ဆေးတခြား ရောဂါတခြား ဖြစ်သွားတတ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ သူပေးတဲ့အကြံဉာဏ်တွေက အဓိကအားဖြင့် စိုက်ပျိုးရေးကို အခြေခံတဲ့ အကြံဉာဏ်တွေပေါ့။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ပြည်သူတွေကြားမှာ ဖြစ်နေတဲ့ ဆင်းရဲနွမ်းပါးမှု ပြဿနာကို အဖြေရှာရေးပေါ့။ ဒီနေရာမှာ ဖြစ်နေတာက ပြည်သူတွေကြားမှာ ဆင်းရဲနွမ်းပါးပေမဲ့ အားလုံးသိကြတဲ့အတိုင်း အုပ်ချုပ်သူအသိုင်းအဝိုင်းမှာ အဂတိလိုက်စားမှုနဲ့ လုပ်ငန်းရှင်ကြီးတွေ၊ အစိုးရနဲ့ နီးစပ်သူတွေကြားမှာ ကြီးကြီးတက်အောင် ချမ်းသာနေကြတယ်။ ဒီလို အဂတိလိုက်စားမှုတွေ ရှိနေတဲ့ နိုင်ငံတနိုင်ငံရဲ့ အခြေအနေကို သူအနေနဲ့ ဒီအကြံပေးမှုတွေကြားမှာ ထည့်တွက်ခဲ့တယ်လို့ ယူဆပါသလား?

ဆလိုင်းထွန်းသန်း ။ ။ ကျနော်ကတော့ သိပ်မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့ ဟိုတုန်းက ပြောလေ့ပြောထ ရှိတယ်။ ဥပမာ ဆောက်လုပ်ရေးဆိုလို့ရှိရင် တစ်ရာဖိုး ဆောက်ခိုင်းလို့ရှိရင် လေးဆယ်ကို အရင် အိတ်ထဲထည့်တယ်။ ပြီးတော့မှ ခြောက်ဆယ်နဲ့မှ စကားပြောရတယ်။ အဲဒီလို ပြောလေ့ရှိကြတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပါမောက္ခ Joseph Stiglitz အနေနဲ့ ထောက်ပြသွားတဲ့အချက်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကိစ္စ ကို တိုးတက်အောင်လုပ်ချင်တယ်ဆိုရင် နိုင်ငံရေးပြုပြင်မှုလည်း လိုအပ်တယ်။ ဒီနှစ်ခုဟာ ဒွန်တွဲနေတယ်ဆိုပြီး ဖော်ပြ ပြောဆို သွားတယ်။ ဒီကိစ္စမျိုး အကြံပြုချက်ကို မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းက ကြားချင်ပါမလား?

ဆလိုင်းထွန်းသန်း ။ ။ အဲဒါကတော့ သူတို့ လွယ်မယ်မထင်ဘူး။ ပေါ်လစီပြောင်းဖို့ကို အခုနပြောတဲ့ အစကတည်းက အိတ်ထဲမှာ ထည့်နေတဲ့ လူတွေက အဲဒါကို ပြောင်းဖို့က မလွယ်ဘူး။ အဂတိတွေက တော်တော့ကို များတယ်။ များတဲ့ အခါကျတော့ ဒီဥစ္စာတွေကို ဘယ်လိုလုပ်ကြမယ်ဆိုတာတော့ သူတို့ စိတ်ရင်းကိုယ်၌ ပြောင်းမှဖြစ်မယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာပညာရှင်တယောက်ကို ခေါ်ယူတွေ့ဆုံတယ်။ အလားတူပဲ ဒေသတွင်းဆိုင်ရာ ကုလသမဂ္ဂရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့စည်းတွေရဲ့ အကြံဉာဏ်တွေ ရယူလာတယ်ဆိုတော့။ ဒီလိုအကြံဉာဏ်တွေ ရယူပြီးတော့ နောက်တဆင့်မှာ ဘာတွေများ သူတို့အနေနဲ့ မျှော်လင့်ထားတယ်လို့ ယူဆထားသလဲ?

ဆလိုင်ထွန်းသန်း ။ ။ သူတို့လုပ်တဲ့ ကုလသမဂ္ဂသော်လည်းကောင်း၊ ကမ္ဘာ့စီးပွားရှင်ကြီးက ပြောလို့သော်လည်းကောင်း ဘာမှဖြစ်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကို၌ လုပ်ချင်မှ ဖြစ်မယ်။ မလုပ်ချင်ရင် ဘာမှမဖြစ်ဘူး။ အဲဒါက လည်း ပညာရှင်တွေက ဗမာပြည်မှာ ရှိပြီးသား။ မရှိဘူးလို့ မထင်နဲ့။ ဗမာတွေ တော်တယ်။ သို့ပေမဲ့ တော်ပေမဲ့ ရွာမြက်ကို ရွာနွားမစားတဲ့အခါကျတော့ အတော်ကို ဂွကျပြီး သူများပြောမှ ဖြစ်တဲ့သဘော ဖြစ်လာတယ်။

ဦးသန်းလွင်ထွန်း ။ ။ အုပ်ချုပ်ရေးပိုင်းမှာ ကြီးစိုးနေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အနေနဲ့က သက်ဆိုင်ရာကဏ္ဍတွေမှာ ပြည်တွင်း မှာရှိနေတဲ့ ပညာရှင်တွေနဲ့ ထိထိရောက်ရောက် တိုင်ပင်တဲ့သဘောမရှိဘူးဆိုတဲ့ သဘောပြောချင်တာလား?

ဆလိုင်းထွန်းသန်း ။ ။ အဲဒါက အကုန်မှန်ပေါ့။ ကျနော်တို့ ဟိုတုန်းကဆိုရင် အကြံဉာဏ်တွေပေး၊ ဘာတွေပေး၊ အစည်းအဝေးတွေခေါ် လုပ်တဲ့အခါကျရင် ကျနော်မြင်ဖူးတယ် ၊ ကျနော့်တော့မဟုတ်ပါဘူး။ ဟေ့ကောင် မင်း ထိုင် ထိုင်၊ အဲဒါတွေ ငါ အကုန်သိတယ် မင်းထိုင်စမ်း ဆိုတော့ ထိုင်လိုက်ရတာပေါ့။ အဲဒါပဲ အဖတ်တင်တယ်။ အဲဒီလို ဖြစ်ဖြစ်နေတယ်။ ခက်တာက ကျနော်တို့ထက် သူတို့က ပိုသိနေတယ်။ စိုက်ပျိုးရေးဆိုလည်း သူတို့က ပိုသိနေတယ်။ အင်ဂျင်နီယာဆိုလည်း သူတို့က ပိုသိတယ်။ ဆေးဆိုလည်း သူတို့က ပိုသိနေတယ်။ အဲဒီလိုမျိုးတွေ ဖြစ်ကုန်တော့ အတော်ခက်ကုန်တာပေါ့။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG