သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုပြန်ဖွဲ့ရေး ဒေါ်စုနဲ့ CEC တွေ့ဖို့လို


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းရေးကိစ္စဟာ လက်ရှိ ဗဟိုအလုပ်အမှုဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့် ရရေးပေါ်မှာ မူတည်နေတယ်လို့ အဖွဲ့ချုပ်ရဲ့ လက်ရှိ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။ လက်ရှိ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းဖို့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာ မြန်မာ့နိုင်ငံရေးမှာလည်း အတုယူစရာ နိုင်ငံရေးယဉ်ကျေးမှုတခု ဖြစ်သင့်တယ်လို့ ဦးဝင်းတင်က ယူဆပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးစာထဲမှာ အဖွဲ့ချုပ်ရဲ့ အသက်အရွယ် ကြီးရင့်တဲ့ ခေါင်းဆောင် ၃ ဦးကို သွားရောက် ဂါရဝပြုခွင့် တောင်းဆိုတဲ့ ကိစ္စအပြင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့ အစည်းအဝေးထိုင်ပြီး တွေ့ဆုံခွင့်လည်း တောင်းဆိုထားပါတယ်။ ဒါကြောင့် အခု ဒေါ်အောင်ဆန်းစုကြည်က လူကြီး ၃ ဦးကို မေတ္တာရပ်ခံခဲ့တဲ့ အဖွဲ့ချုပ်ဗဟို ပြန်လည်ဖွဲ့စည်းရေးကိစ္စ ဆက်လုပ်နိုင်ဖို့ဆိုရင် ဒုတိယ တောင်းဆိုချက်ဖြစ်တဲ့ CEC နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်ရရေးဟာ အရေးကြီးတယ်လို့ ဦးဝင်းတင်က ယူဆပါတယ်။

“ဘာပဲပြောပြော ကျနော်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယပိုင်းနဲ့ ဆက်နေတယ်ဗျ။ CEC နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ပွဲ၊ ဆွေးနွေးတဲ့ပွဲတွေ မပြီးမချင်းကတော့ ဒီကိစ္စအပေါ်မှာ ကျနော်တို့ ဘယ်လို လှုပ်ရှားကြမယ်၊ ဘယ်လိုအစီအမံတွေ ချမှတ်ကြမယ် ဆိုတာတော့ ပေါ်လွင်ဦးမယ်လို့ ကျနော်တော့ သိပ်မထင်ဘူး။”

ဟိုတလောကတော့ NLD အောက်ခြေ မြို့နယ်တွေက တောင်းဆိုတာ ရှိပါတယ်။ အဓိကတော့ စုံညီခေါ်ပြီး CEC ပြန်လည်တိုးချဲ့ ဖွဲ့စည်းဖို့ဆိုတာ တောင်းပါတယ်။ အဲတော့ အခုအနေအထားက CEC ကို ပြန်ပြင်မယ် ဆိုတာတောင်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးမှ ဖြစ်နိုင်မယ်ဆိုတော့ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ CEC တွေ့ခွင့်မရဘူးဆိုရင် အန်ကယ်တို့ ဘယ်လိုစဉ်းစားလဲခင်ဗျ။ ဒီ တိုးချဲ့ ပြန်လည်ဖွဲ့စည်းရေးကိစ္စက။

“အမှန်အတိုင်းပြောရရင် ဒီဟာက နှစ်မျိုးရှိတယ်။ တမျိုးကတော့ ပါတီရဲ့ လုပ်ထုံးလုပ်နည်း၊ ပါတီရဲ့ စည်းကမ်း၊ ပါတီရဲ့ လုပ်ငန်းစဉ်အရတော့ ဒီလို တိုးချဲ့ခြင်းတို့၊ ပြုပြင်ပြောင်းလဲခြင်းတို့ကတော့ ပါတီမှာ ရှိပြီးသား သဘောထားတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းကမ်း နည်းလမ်းတွေအတိုင်း လိုက်နာရမယ်၊ ဒါ တမျိုး ပြောလို့ရပါတယ်။

“နောက်တမျိုးကတော့ ဘာပဲပြောပြော နိုင်ငံရေးပါတီတို့ ဘာတို့ဆိုတာလည်း သဘာ၀ တရားထဲမှာ ရွေ့လျား လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေပဲ။ အဲတော့ သဘာဝအတိုင်း ဖြစ်ရမှာပဲ။ အသက်ကြီးတဲ့ ပုဂ္ဂိုလ်များဟာ ဇရာ မရဏ ဒီလိုကိစ္စတွေ ရင်ဆိုင်ကြုံတွေ့ရမယ်။ အလားတူပဲ နိုင်ငံရေးအဖွဲ့အစည်း ဘာညာ ဆိုတာလည်း ဒီ ဇရာ မရဏကိစ္စ အတိုင်းပဲ ဦးတည်သွားရတော့မှာပဲ။ အဲတော့ ကျနော်ပြောချင်တာက ဒီလို အသစ်ဖွဲ့စည်းရေးကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ရလည်း ကိစ္စမရှိပါဘူး။”

အဖွဲ့ချုပ်ရဲ့ ဗဟို ပြန်လည်ဖွဲ့စည်းရေးကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည် စမပြောခင်ကတည်းက NLD အောက်ခြေ မြို့နယ်တွေက တောင်းဆိုခဲ့ကြတာပါ။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်လိုမျိုး ခေါင်းဆောင်တဦး ကိုယ်တိုင်က ဒီအပြောင်းအလဲမျိုးကို ထည့်သွင်းစဉ်းစားတာဟာ မြန်မာပြည် နိုင်ငံရေးမှာကို လေ့လာ အတုယူစရာ ဖြစ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

“နိုင်ငံရေးလောကဆိုတာ ဖြုတ်၊ ထုတ်၊ သတ်တွေနဲ့ နှစ်ပေါင်း လေးငါးဆယ် ကျော်ဖြတ်ခဲ့တဲ့ခေတ် ရှိခဲ့တော့ နိုင်ငံရေးပါတီ၊ နိုင်ငံရေး အဖွဲ့အစည်းများမှာ လူကြီးသူမများကို ဖယ်ရှားခြင်းတို့၊ သို့မဟုတ်လည်း လူကြီးသူမများကို အနားပေးခြင်းတို့ဆိုတဲ့ ကိစ္စတွေကို လုပ်တဲ့နေရာမှာ ကျနော်တို့ သိပ်ပြီးတော့ သပ်သပ်ရပ်ရပ်၊ သို့မဟုတ်လည်း လိမ်လိမ်မာမာ ထိုက်သင့်တဲ့ ဂါရဝတရား မရှိဘဲနဲ့ လုပ်ခဲ့ကြတယ်။

“အဲတော့ အခု ဒေါ်အောင်ဆန်းစုကြည် လုပ်တဲ့ကိစ္စဟာ အခြား နိုင်ငံရေး အဖွဲ့အစည်းများ အသာထားဦး၊ လောလောဆယ် NLD အတွက်ဆိုရင် အလွန်ကို ကျက်သရေရှိတဲ့ လုပ်ငန်းပါ။ ဘာပဲပြောပြော အခု ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပုဂ္ဂိုလ်ကြီးများရဲ့ အကြံဉာဏ်များကို ဂါရဝပြုပြီးတော့ ခွင့်တောင်းခြင်း၊ ခံယူခြင်းဆိုတာ အလွန်ကျက်သရေ ရှိပါတယ်လို့ ကျနော် ပြောချင်ပါတယ်။ ဒီလို ကျက်သရေရှိရှိ နည်းနဲ့သာလျှင် အင်အားသစ်များ၊ နိုင်ငံရေး အယူအဆသစ်များ၊ မူဝါဒသစ်များ၊ လုပ်ငန်းသစ်များ ပေါ်ထွက်လာအောင် ဖန်တီးသင့်တယ်။

“အဲဒီလို လုပ်ခြင်းအားဖြင့် မြန်မာပြည် နိုင်ငံရေးမှာ ဗိုလ်နေမြဲ၊ ကျားနေမြဲ ဖြစ်နေတဲ့ အနေအထားကနေ ရှေ့ကို တက်လှမ်းနိုင်လိမ့်မယ်လို့ ကျနော်ကတော့ ယူဆတယ်။ အဲဒါကြောင့် ကျနော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ငန်းနဲ့ ပတ်သက်လို့ အလွန် ကျက်သရေရှိတဲ့ နည်းလမ်းတခု ပြလိုက်တယ်၊ ဒီနည်းလမ်းကို မြန်မာပြည် နိုင်ငံရေးတခုလုံး၊ တပ်မတော် အပါအဝင် လေးစားလိုက်နာသင့်တယ်၊ လေးစား နည်းယူသင့်တယ်လို့ ကျနော်ကတော့ အဲဒီလိုပဲ သဘောရပါတယ်။”

လက်ရှိအားဖြင့်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၁ ဦး ရှိပါတယ်။ အများစုက အသက်အရွယ် ကြီးရင့်နေပြီး နိုင်ငံရေးတာဝန်တွေ အချိန်ပြည့် မလုပ်နိုင်တော့ပါဘူး။ အခု ပြန်လည်ဖွဲ့စည်းဖို့ ဆိုတဲ့ နေရာမှာ တိုးချဲ့ဖွဲ့မှာလား၊ လူအပြောင်းအလဲ လုပ်မှာလားဆိုတာကိုတော့ မသဲကွဲသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG