သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် အတိုက်အခံခေါင်းဆောင် ဈာပန ပို့ဆောင်ရေး လူထုကို တိုက်တွန်း


ကွယ်လွန်သူ အီရန်နိုင်ငံက အတိုက်အခံ ဘာသာရေးခေါင်းဆောင် ဂရမ်းဒ် အယာတိုလာ ဟူစိန် မွန်တာဇာရီ (Grand Ayatollah Hossein Montazeri) အတွက် ဒီကနေ့မှာ ဝမ်းနည်းခြင်းနေ့အဖြစ် ကျင်းပသွားကြဖို့ အီရန် အတိုက်အခံ ခေါင်းဆောင်တွေက ဆော်သြလိုက်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူ ဘာသာရေး ခေါင်းဆောင် မွန်တာဇာရီဟာ ရှီရိုက်ဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ကွမ်မြို့က နေအိမ်မှာ နှလုံးရောဂါနဲ့ မနေ့က အရုဏ်တက် မတိုင်မီ ကွယ်လွန်ခဲ့တာလို့ သတင်းတွေက ဖော်ပြကြပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၈၇ နှစ်ရှိပြီး ဒီကနေ့ သူ့ရဲ့ဈာပန ကျင်းပဖို့ ရှိပါတယ်။

ထောင်ပေါင်းများစွာရှိတဲ့ လူတွေဟာ အခုအခါ ကွမ်မြို့ကို သွားနေကြသလို တချို့ဟာဆိုရင်လည်း သူ့နေအိမ် ပြင်ပမှာ စုဝေးနေကြပြီလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ပြုပြင်ပြောင်းလဲရေး သမားတွေရဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာတော့ ကွမ်မြို့နဲ့ တီဟီရန်မြို့တော်က ရင်ပြင်တွေမှာ စုဝေးကြဖို့ တိုက်တွန်းနေပါတယ်။

အီရန်အစိုးရ အာဏာပိုင်တွေကတော့ ဈာပန အခမ်းအနားကနေ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေရဲ့ ဆန္ဒပြပွဲတွေအသွင် ပြောင်းလဲသွားမှာကို သတိထားနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

ဈာပန အခမ်းအနားကို သတင်းယူဖို့အတွက် ကွမ်မြို့ကို ပြည်ပသတင်းမီဒီယာတွေ သွားလာခွင့်ကိုလည်း တားမြစ်ထားပါတယ်။

ကွယ်လွန်သူ ပြုပြင်ပြောင်းလဲရေး လိုလားသူ မွန်တာဇာရီဟာ အီရန်အစိုးရအနေနဲ့ အစ္စလမ် အမည်ခံပြီး အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတယ် ဆိုပြီး ထပ်တလဲလဲ စွပ်စွဲနေခဲ့တာ ဖြစ်သလို သူဟာ နေအိမ်အကျယ်ချုပ်နဲ့ ကာလအတော်ကြာ နေထိုင်ခဲ့ရသူတဦးလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG