သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီဂါမူဆလင်တွေ ပြန်ပို့ဖို့ ကမ္ဘောဒီးယား ဆုံးဖြတ်ချက် အမေရိကန် ရှုတ်ချ


တရုတ်နိုင်ငံမြောက်ပိုင်း ဇင်ဂျန်းပြည်နယ်က ထွက်ပြေးတိမ်းရှောင်လာတဲ့ ဝီဂါမူဆလင် အယောက်၂၀ ကို တရုတ်နိုင်ငံ ပြန်ပို့မယ်လို့ ကမ္ဘောဒီးယားနိုင်ငံက ဆုံးဖြတ်လိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အဲဒီ ဝီဂါမူဆလင် အယောက်၂၀ ကို တရုတ်နိုင်ငံကို အတင်းအဓမ္မ ပြန်ပို့မယ်ဆိုတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကြောင့် သမ္မတ အိုဘားမား (Obama) အစိုးရက စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ အလေးအနက် ပြောဆိုလိုက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန်နဲ့ ဆက်ဆံရေး ထိခိုက်နိုင်ပြီး နိုင်ငံတကာမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ရပ်တည်ချက်ကိုလည်း အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာဥပဒေနဲ့ အညီ အကာအကွယ်ပေးပါလို့ ခိုလှုံခွင့်အတွက် မေတ္တာရပ်ခံခဲ့ကြတဲ့ ဝီဂါမူဆလင် အယောက် ၂၀ ရဲ့ လက်ရှိအခြေအနေ အတွက်လည်း အထူးစိုးရိမ်မိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဝီဂါမူဆလင် အယောက် ၂၀ ဟာ တရုတ်နိုင်ငံ ဇင်ဂျန်းပြည်နယ်ကနေ ဒီနှစ်ဆန်းပိုင်း ဆူပူအုံကြွမှုအပြီး ထွက်ပြေး တိမ်းရှောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ် ဒု-သမ္မတ ဇီဂျင်ပင်း (Xi Jinping) ဟာ ကမ္ဘောဒီးယားနိုင်ငံ ချစ်ကြည်းရေးခရီးကို ဒီကနေ့ စတင်တော့မှာမို့ သူ့ခရီးစဉ် မတိုင်မီ အဲဒီ ဝီဂါမူဆလင် အယောက်၂၀ ကို တရုတ်နိုင်ငံကို ပြန်ပို့မှာဖြစ်တယ်လို့ ဖနွမ်းပင်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG