သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ တည်ငြိမ်ရေး ကျေးလက်ဖွံ့ဖြိုးမှု လိုအပ်


မြန်မာနိုင်ငံ ကျေးလက်ဒေသ အိမ်ထောင်စုတွေရဲ့ ၃၀% မှာ ပုံမှန်ဝင်ငွေ မရှိတဲ့အတွက် သူတို့အတွက် အလုပ်အာမခံချက်တွေ ရရှိရေး ဆောင်ရွက်ပေးဖို့ စီးပွားရေး ပါမောက္ခ ဂျိုးဇက် စတစ်ဂ် လစ်ဇ် (Joseph Stiglitz) က အကြံပေးလိုက်ပါတယ်။ ဒီအကြံပေးချက်ကို ဒီနေ့မနက်ပိုင်း အာရှဒေသကနေ ပြန်လည် မထွက်ခွာခင် Singapore Management University မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ ပါမောက္ခ စတစ်ဂ် လစ်ဇ်နဲ့ မြန်မာနိုင်ငံကို အတူ သွားရောက်ခဲ့တဲ့ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂ အာရှ ပစိဖိတ်ဒေသ စီးပွားရေးနဲ့ လူမှုရေး ကော်မရှင် (ESCAP) ရဲ့ အမှုဆောင် အတွင်းရေးမှူးချုပ် ဒေါက်တာ နိုလင်း ဟေဇာ(Dr Noeleen Heyzer) က ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ ESCAP အဖွဲ့က ဒေါက်တာ နိုလင်း ဟေဇာဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပါမောက္ခ စတစ်ဂ် လစ်ဇ်ကို မြန်မာနိုင်ငံအရောက် ခေါ်သွားပြီး မြန်မာနိုင်ငံ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် မြန်မာလူထုနဲ့ မိတ်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။

“ကျမ အခုလို ထင်ရှားကျော်ကြားတဲ့ စီးပွားရေး ပါရဂူကို မြန်မာနိုင်ငံအရောက် ခေါ်သွားပြီး သူနဲ့အတူ မြန်မာနိုင်ငံထဲက သုတေသန ပညာရှင်တွေကို မြန်မာအစိုးရပိုင်းနဲ့ရော၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒတွေ ချမှတ်တဲ့ အဆင့်မြင့် အဖွဲ့အစည်းတွေနဲ့ပါ မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ရေရှည် မဟာဗျူဟာရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။” လို့ ဒေါက်တာ နိုလင်း ဟေဇာက ပြောသွားပါတယ်။

ပါမောက္ခ စတစ်ဂ် လစ်ဇ်ဟာ မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး လယ်ယာမြေ နည်းနည်းနဲ့ လုပ်ကိုင်စားသောက်နေတဲ့ တောင်သူလယ်သမားတွေအတွက် အသေးစားချေးငွေ ချပေးဖို့ အကြံပေးခဲ့ပါတယ်။ ဒီလယ်သမားတွေဟာ အတိုးငွေ ကြီးကြီးနဲ့ ငွေတတ်နိုင်သူတွေဆီက ငွေတွေချေးယူပြီး ပြန်မဆပ်နိုင်တဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရတာမို့ ဒီလယ်သမားတွေ ခေါင်းမခဲစေတဲ့ အသေးစား ချေးငွေမျိုး ချပေးဖို့ အကြံပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံက ကျေးလက်ဒေသရဲ့ ဆင်းရဲတွင်း နက်နေမှုကို ဆန်းစစ်တဲ့ အခါမှာတော့ ကျေးလက်နေ အိမ်ထောင်စု အားလုံးရဲ့ ၃၀% မှာ ပုံမှန် အလုပ်မရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

“အလုပ်လက်မဲ့ ပြဿနာနဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ ပြဿနာကို တွေ့ရပါတယ်။ ဒီပြဿနာဟာ အတော်လေးကို ဆိုးဝါးတဲ့ ပြဿနာပါ။ ကျမတို့ လေ့လာချက်အရဆို တချို့နေရာတွေမှာ ကျေးလက်နေ အိမ်ထောင်စုတွေရဲ့ ၃၀% မှာ ပုံမှန်အလုပ် မရှိတာကို တွေ့ရပါတယ်။ ဒီလူတွေအတွက် လူမှုရေးဆိုင်ရာ အပါအဝင် အလုပ်အာမခံချက်တွေ ရအောင် လုပ်ပေးဖို့ လိုနေပါတယ်။” လို့ သူမက ဆက်ပြောပါတယ်။

အခုလို ဝင်ငွေ ပုံမှန်မရှိတဲ့ဒဏ်ကို ခံနေကြရတဲ့အပြင် ရာသီဥတုဒဏ်ကိုလည်း ကမ္ဘာမှာ ဒုတိယ အပြင်းထန်ဆုံး ခံရတဲ့နိုင်ငံ ဖြစ်တာမို့ ရေရှည် စိုက်ပျိုးထုတ်လုပ်တဲ့ စနစ်တခုကို ချနိုင်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ ဒ့ါအပြင် မြန်မာနိုင်ငံထဲက ကျွမ်းကျင်ပညာရှင် အများစုဟာ အသက်အရွယ် ကြီးရင့်နေပြီး ပညာရည် အဆင့်မီတဲ့ လူငယ် နည်းပါးနေတာကို တွေ့ရတာမို့ တတ်သိပညာရှင် အသက်အရွယ် ကွာဟမှုနဲ့ လိုအပ်မှုတွေဟာ လူအင်အား အဓိကသုံးတဲ့ မြန်မာနိုင်ငံ လယ်ယာစနစ်အတွက် အခက်အခဲနဲ့ ဆုတ်ယုတ်မှုတွေ ရှိနေတယ်လို့ ထောက်ပြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေအတွက် အဓိက ဆောင်ရွက်ဖို့ လိုနေတယ်လို့ အကြံပေးပါတယ်။

“သဘာ၀ သယံဇာတတွေနဲ့ သူတို့ကရလာတဲ့ ဝင်ငွေတွေကို ဘယ်လိုသုံးစွဲတယ် ဆိုတာကို ကြည့်ရပါတယ်။ ဒီ နိုင်ငံတော်ရဲ့ ဝင်ငွေတွေထဲက ရာခိုင်နှုန်း အများစုကို ပညာရေးနဲ့ နောက် ခေါင်းခဲစရာ ဖြစ်နေတဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ မသုံးမဖြစ် သုံးလာအောင် အထူးအလေးထားပြီး အကြံပေး တိုက်တွန်းပါတယ်။” လို့ ပြောသွားပါတယ်။

ဒီကိစ္စဟာ အလိုအပ်ဆုံးလို့ ထင်တာမို့ အဆင့်မြင့် အရာရှိကြီးတွေနဲ့ ဆွေးနွေးပွဲ ဝိုင်းတွေမှာရော အပြင်မှာပါ တိုက်တွန်းပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ အခုလို ဆွေးနွေး အကြံပေးမှုတွေဟာ နားထောင်တဲ့ အဆင့်ကို ကျော်ပြီး လက်တွေ့လုပ်ဖို့ ဆွေးနွေးတဲ့အဆင့်ကို ရောက်ခဲ့တယ်လို့ သူ ယုံကြည်ကြောင်းနဲ့ ဒါဟာ မြန်မာနိုင်ငံထဲက အဆင်းရဲဆုံး လူတန်းစားတွေအတွက် တစုံတရာ ဖြစ်လာမယ်လို့ သူ မျှော်လင့်ထားကြောင်းလည်း ESCAP အဖွဲ့ရဲ့ အမှုဆောင် အတွင်းရေးမှူးချုပ် ဒေါက်တာ နိုလင်း ဟေဇာက ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG