သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် အတိုက်အခံ ဘာသာရေးခေါင်းဆောင် ဈာပန လူပေါင်း ထောင်နဲ့ချီ စုဝေး


အီရန်နိုင်ငံက အဓိက အတိုက်အခံ ဘာသာရေး ခေါင်းဆောင်ကြီး အယာတိုလာ ဟူစိန် အလီ မွန်တာဇာရီ (Ayatollah Hossein Ali Montazeri) ရဲ့ ဈာပနကို လူပေါင်းများစွာ လာရောက်ခဲ့ကြတယ်လို့ အီရန် အတိုက်အခံ အင်တာနက် စာမျက်နှာတွေက ပြောကြပါတယ်။

နိုင်ငံမြောက်ပိုင်းက ကွမ် (Qom) မြို့မှာပြုလုပ်တဲ့ ဈာပန အခမ်းအနားကို လာရောက်ကြတဲ့ ထောင်ပေါင်းများစွာသော ပူဆွေးဝမ်းနည်းသူတွေဟာ အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြသလို အတိုက်အခံ လှုပ်ရှားမှုကို ကိုယ်စားပြုတဲ့ အစိမ်းရောင် သင်္ကေတတွေကိုလည်း ကိုင်ဆောင်ခဲ့ကြတယ်လို့ သတင်းတွေထဲမှာ ဖော်ပြပါတယ်။

အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကိုလည်း ချထားသလို ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ကြတဲ့ ဆန္ဒပြသူတချို့နဲ့ ရဲတွေကြားမှာ ခိုက်ရန်တွေလည်း ဖြစ်ခဲ့တယ်လို့ ဝက်ဘ်ဆိုက်တွေက ရေးပါတယ်။

ဒီဈာပန အခမ်းအနားနဲ့ ပတ်သက်ပြီး အီရန်ထဲမှာရှိတဲ့ နိုင်ငံခြား သတင်းဌာနတွေကို သတင်းမထုတ်ပြန်ရဘူးလို့ အစိုးရက တားမြစ်ထားတဲ့အတွက် လာရောက်သူ အရေအတွက်နဲ့ ဆန္ဒပြမှု သတင်းတွေကိုတော့ သီးခြား အတည်မပြုနိုင်ပါဘူး။

စနေနေ့က အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်သွားသူ အယာတိုလာ ဟူစိန် အလီ မွန်တာဇာရီကို ကွမ်မြို့က ဘာသာရေး အထွတ်အမြတ် နေရာတခုမှာ မြေမြှုပ်ခဲ့ပါတယ်။ အီရန်က ပြုပြင်ပြောင်းလဲရေး လိုလားသူတွေက ဘာသာရေး ခေါင်းဆောင်ကြီးဟာ သူတို့ရဲ့ လှုပ်ရှားမှုကို စိတ်ဓာတ်မြှင့်တင်ပေးတဲ့သူ အဖြစ် လက်ခံထားကြပါတယ်။

ဒီနှစ် အစောပိုင်းတုန်းက အငြင်းပွားစရာဖြစ်တဲ့ အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) ရွေးကောက်ပွဲ ပြန်အနိုင်ရတဲ့အပေါ် မကျေနပ်လို့ ဆန္ဒပြပွဲတွေကို အစိုးရက နှိမ်နင်းခဲ့တာနဲ့ ပတ်သက်လို့လည်း သူက ရှုတ်ချခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG