သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု နေအိမ် ပြန်ပြင်မှု ကန့်ကွက်ခံရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ပြင်နေတာကို အကိုဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ ကိုယ်စားလှယ်က ရန်ကုန်မြို့တော် စည်ပင်သာယာမှာ လာရောက်ကန့်ကွက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အိမ်ကိုတော့ ဆက်ပြင်နေတယ်လို့ သိရပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေတဲ့ တက္ကသိုလ်ရိပ်သာလမ်းက အိမ်ကို ပြင်ဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ထံမှာ ခွင့်တောင်းပြီး ပြင်နေတာပါ။ ဒါပေမဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ ကိုယ်စားလှယ်ဆိုသူက မနေ့က စည်ပင်သာယာရေးအဖွဲ့ကို သွားပြီးတော့ နှုတ်နဲ့ ကန့်ကွက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဦးအောင်ဆန်းဦးရဲ့ ကိုယ်စားလှယ်ဆိုတဲ့ ပုဂ္ဂိုလ်တဦးက ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့မှာ ဒီလို အိမ်ပြင်တာနဲ့ ပတ်သက်ပြီး သူတို့ သဘောမတူကြောင်း နှုတ်နဲ့ သွားပြောတယ်လို့ ကျနော်တို့ သတင်းကြားတယ်။”

ဦးအောင်ဆန်းဦးရဲ့ ကိုယ်စားလှယ်ဆိုသူက အခုလို လာကန့်ကွက်ပေမဲ့လည်း သူကိုယ်တိုင်က ဦးအောင်ဆန်းဦးရဲ့ ကိုယ်စားလှယ်အဖြစ် တရားရုံးက တရားဝင် ခန့်အပ်ခြင်း မရှိသေးတဲ့အပြင် အိမ်ကိုလည်း စည်ပင်သာယာရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ပြင်နေတာကြောင့် အိမ်ပြင်တာကိုတော့ မရပ်ဘဲ ဆက်ပြင်နေတယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

“ကျနော်တို့ မြို့တော် စည်ပင်သာယာရေးရဲ့ ခွင့်ပြုချက်နဲ့အညီ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် မရပ်ပါဘူး။ နောက်တခု ပြောစရာရှိတာက အဲဒီ ဦးအောင်ဆန်းဦးရဲ့ ကိုယ်စားလှယ်ဆိုတဲ့ ပုဂ္ဂိုလ်က တရားရုံးမှာ သူ့ကို ကိုယ်စားလှယ်အဖြစ် သတ်မှတ်ပေးဖို့ စာတင်တုန်းပဲ ရှိသေးတယ်။ တရားရုံးကလည်း အသိအမှတ် မပြုသေးဘူး။ အဲဒီလောက် အခြေအနေတော့ ကျနော်တို့ ကြားနေပါတယ်။ တရားဝင် ကိုယ်စားလှယ်လို့ တရားရုံးက အသိအမှတ် မပြုသေးပါဘူး။”

လောလောဆယ်မှာ ဒီအိမ်ကို အမွေဆိုင်အဖြစ်နဲ့ ဦးအောင်ဆန်းဦးတို့ဘက်က တရားရုံးမှာ အမှုဖွင့်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်သွင်းလာတဲ့ သက်သေတွေ တရားရုံးမှာ မထွက်ဆိုခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့အတွက် ပြင်ဆင်နေတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အမှုရဲ့ အခြေအနေက အမှုကို စစ်ဆေးနေဆဲ တန်းလန်းပါ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ပြတဲ့ သက်သေတွေကို စစ်ဆေးဖို့ ရှိပါတယ်။ အဲဒီသက်သေတွေကို စစ်ဖို့က သက်သေစာရင်းက ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့ သက်သေစာရင်း ဖြစ်ပါတယ်။ အဲဒီသက်သေတွေက ရုံးမှာ ဘယ်လိုထွက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်မျိုး ဒေါ်အောင်ဆန်းစုကြည်က ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ဆီက ရရှိဖို့ လိုပါတယ်။

“ကျနော်တို့က ဒီအခြေအနေကို ရုံးကို တင်ပြတယ်။ ကျနော်တို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟိုတုန်းက Try လုပ်ပါတယ်။ ဦးကြည်ဝင်းနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးထွန်းတင်တို့ ကိုယ်တိုင် ကြိုးစားပါတယ်။ သို့သော် ဆောင်ရွက်လို့ မရပါဘူး။ ဒါကြောင့် အခုနပြောတဲ့ သက်သေနဲ့ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်တဲ့ အခြေအနေ မရှိခင်မှာ တရားရုံးက အမှုကို ရွှေ့ပြီး ချိန်းနေတာပေါ့။ ဒီအခြေအနေကို စောင့်တာပဲ။ ဒီအခြေအနေ ဖြစ်ပေါ်လာရင်တော့ အမှုကို ဆက်စစ်မှာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ခေါင်မိုး ပျက်စီးသွားခဲ့တာကြောင့် ပြင်ခွင့်ပေးဖို့ အာဏာပိုင်တွေထံမှာ ခွင့်တောင်းခဲ့တဲ့အတွက် အာဏာပိုင်တွေက အခုလို ပြင်ဆင်ခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီအမှုအတွက် နောက်တခါ ရုံးချိန်းကိုတော့ လာမယ့် ဇန်န၀ါရီလ ၂၁ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG