သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းခံ ညီညီအောင် နှိပ်စက်ခံရမှု ကုလသမဂ္ဂကို တိုင်ကြား


မြန်မာပြည်ဖွား အမေရိကန် နိုင်ငံသား ကိုညီညီအောင်ခေါ် ကိုကျော်ဇောလွင်ကို မြန်မာစစ်အာဏာပိုင်တွေက အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတဲ့အပြင် ညှဉ်းပန်းနှိပ်စက်မှုတွေကိုလည်း ကျူးလွန်နေတယ်ဆိုပြီး ဝါရှင်တန်ဒီစီ အခြေစိုက် Freedom Now ခေါ် ဥပဒေ အကျိုးဆောင် အဖွဲ့က ဒီအမှုကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ မန်းဖရက်ဒ် နိုဝပ်ခ် (Mr. Manfred Nowak) ဆီကို မနေ့က အရေးပေါ် ပန်ကြားလွှာတစောင် ပေးပို့လိုက်ပါတယ်။ အကြောင်းစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

Freedom Now အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ အမှုကိုလည်း ဥပဒေ အကျိုးဆောင်ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ စစ်အစိုးရက ကိုညီညီအောင်ကို ထိန်းသိမ်းထားပုံတွေ၊ ပြုမူဆက်ဆံပုံတွေဟာ နိုင်ငံတကာ ဥပဒေတွေကိုရော မြန်မာပြည်တွင်း ဥပဒေကိုပါ ချိုးဖောက်ရာ ရောက်တယ်လို့ ကိုညီညီအောင်ရဲ့ အမှုကို ဥပဒေ အကျိုးဆောင် ပေးနေတဲ့ Freedom Now အဖွဲ့က ရှေ့နေ ဘက်သ် ရွှမ်ကီ (Beth Schwanke) က ဗွီအိုအေကို ပြောပါတယ်။

“ကိုညီညီအောင် စပြီး အဖမ်းခံခဲ့ရစဉ်က သူ့ကို ရန်ကုန်က အမေရိကန်သံရုံးနဲ့ ၁၇ ရက်ကြာမှ တွေ့ခွင့်ရပါတယ်။ တခါ ဒီဇင်ဘာလ ၃ ရက်နေ့ကတည်းက စပြီး အခုအချိန်ထိ သံရုံးတာဝန်ခံတွေနဲ့ တွေ့ခွင့်မရသေးပါဘူး။ ဒါဟာ ဗီယင်နာ သဘောတူညီချက်အရ နိုင်ငံတကာ ဥပဒေကို တည့်တည့်စင်စင်ကြီး ချိုးဖောက်တာ ဖြစ်ပါတယ်။

“ဒုတိယအချက်က ကိုညီညီအောင်ဟာ ထောင်တွင်းမှာ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရတာကြောင့် ဒါဟာ ဂျူးဝပ်စ် ခိုးဂျင့် (Juscogen) ခေါ် ညှဉ်းပန်းနှိပ်စက်တာတွေကို ပိတ်ပင်ထားတဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။ နောက်တချက်က သူ့ရဲ့ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးတဲ့အပြင် သူ့အတွက် တရားမျှတတဲ့ ရုံးတင်စစ်ဆေးမှုပြုခွင့် မပေးတာကလည်း မြန်မာပြည်တွင်း ဥပဒေကို ချိုးဖောက်နေပါတယ်။”

ကိုညီညီအောင်ရဲ့ အမှုနဲ့ ပတ်သက်ပြီး ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့ ဘယ်လိုများ ဆောင်ရွက်ပေးနိုင်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ မစ်စ် ရွှမ်ကီက အခုလို ဖြေပါတယ်။

“ပထမအချက်ကတော့ ကုလသမဂ္ဂကနေ ဒီအမှုနဲ့ ပတ်သက်ပြီး ဖိအားပေးမယ်ဆိုရင် စစ်အစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်လာမယ်၊ နောက်တချက်က ဒီလိုနည်းအားဖြင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့လည်း ဒီအမှုကို အမြင့်ဆုံး အစိုးရအရာရှိအဆင့်နဲ့ ကိုင်တွယ်လာအောင် တွန်းပို့ပေးလိမ့်မယ်လို့ ကျမတို့ မြင်ပါတယ်။”

ဆက်လက်ပြီး မစ်စ် ရွှမ်ကီက သူတို့ရဲ့ ပန်ကြးလွှာကို ကုလသမဂ္ဂအနေနဲ့ ဒီတပတ်အတွင်းမှာ တုံ့ပြန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ဒီအပတ်ဟာ ခရစ္စမတ် အားလပ်ရက်တွေ ရှိနေတာကြောင့် ဒီတပတ်အတွင်း မဟုတ်ရင်တောင် အမြန်ဆုံး ပြန်တုံ့ပြန်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောခဲ့ပါတယ်။

တဆက်တည်းမှာပဲ Freedom Now ဥပဒေ အကျိုးဆောင် အဖွဲ့ကပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပေးနေတဲ့ ရှေ့နေ ဂျဲရက်ဒ် ဂျန်ဆန် (Jared Gensen) ကလည်း ကိုညီညီအောင်ရဲ့ အမှုနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရ အနေနဲ့ ဒီ့ထက်ပိုပြီး ထိထိမိမိ ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

“ကိုညီညီအောင်အမှုနဲ့ ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံး တာဝန်ခံတွေအနေနဲ့ တွေ့ခွင့်ရအောင် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေတဲ့ အပေါ်မှာ ကျနော် အားရကျေနပ်ပါတယ်။ ဒါပေမဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ အမေရိကန် နိုင်ငံသား ကိုညီညီအောင်ရဲ့ အမှုနဲ့ ပတ်သက်ပြီး ဒီ့ထက် အဆင့်မြင့်တဲ့ အစိုးရ အရာရှိတွေကနေ ကိုင်တွယ် ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။

“တခြား မြန်မာနိုင်ငံသားတွေကို ညှဉ်းပန်းနှိပ်စက်တာနဲ့ ယှဉ်ရင် ကိုညီညီအောင်ကို ညှဉ်းပန်းနှိပ်စက်တာက သက်သာသေးတယ်လို့ ပြောလို့ရပေမဲ့ အမေရိကန် နိုင်ငံသား တယောက်ကို စစ်အစိုးရက ဒီလိုဆက်ဆံတာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ သမ္မတ အိုဘားမား (Obama) တို့အနေနဲ့ တက်တက်ကြွကြွ ဖိအားပေး ပြောဆိုဖို့ သင့်ပါတယ်။ စစ်အစိုးရရဲ့ လုပ်ရပ်ဟာ သူတို့ကို ထိတွေ့ဆက်ဆံဖို့ လမ်းဖွင့်ပေးနေတဲ့ အမေရိကန် အစိုးရကို မထီမဲ့မြင်ပြုရာလည်း ရောက်ပါတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ ကတည်းက အဖမ်းခံခဲ့ရတဲ့ ကိုညီညီအောင် စောစောပိုင်းတုန်းက ရိုက်နှက်ညှဉ်းပန်းမှုတွေ ခံခဲ့ရတာကိုလည်း Freedom Now အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြန်လည်ရည်ညွှန်းထားပါတယ်။ တခါ အခုလ ဒီဇင်ဘာလ ၇ ရက်လောက်ကတည်းက ကိုညီညီအောင်ကို စစ်ခွေးတိုက်ထဲမှာ အကျဉ်းချထားတာမျိုးတွေ၊ သူ့ရဲ့ရှေ့နေ၊ အမေရိကန်သံရုံး တာဝန်ခံတွေနဲ့ တွေ့ခွင့် ပိတ်ပင်ထားတာတွေ၊ ကောင်းမွန်စွာ အိပ်စက်အနားယူခွင့်၊ စားသောက်ခွင့်၊ ဆေးဝါးကုသခွင့်တွေ ပိတ်ပင်ထားတဲ့ အကြောင်းကိုလည်း ရေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG