သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငှက်ဖျားရောဂါကြောင့် အသေအပျောက်နှုန်းကျဆင်းလာပြီ


ဒီဇင်ဘာ ၂၃၊ ၂၀၀၉။ ငှက်ဖျားရောဂါပိုး ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပိုးသတ်ဆေးရည်စိမ် ခြင်ထောင်အသုံးပြုမှုနဲ့ အခြားပိုမိုကောင်းမွန်တဲ့ ရောဂါကာကွယ်ရေး ဆောင်ရွက်မှုတွေကို အကြီးအကျယ်လုပ်ဆောင်လာတာကြောင့်၊ ကမ္ဘာအဝှမ်းမှာ ငှက်ဖျားရောဂါဖြစ်တဲ့ ကလေးငယ်တွေ အသေအပျောက်နှုန်း ကျဆင်းလာတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နှစ်စဉ်ထုတ်ပြန်တဲ့ ၂၀၀၉ခုနှစ် ငှက်ဖျားရောဂါဆိုင်ရာ အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။

ငှက်ဖျားရောဂါ ထိန်းချုပ်မှုအတွက် နိုင်ငံတကာရံပုံငွေဟာလည်း နှစ်ဆတိုးလာတာကြောင့် အခုလို ရောဂါပိုး ကြောင့် အသေအပျောက်နှုန်းကျဆင်းလာတာလို့ ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ဖွံဖြိုးမှုစီမံကိန်းထဲမှာ လာမယ့် ၂၀၁၅ခုနှစ်မှာ ငှက်ဖျားကြောင့် အသေအပျောက်နှုန်း ထက်ဝက်လျှော့ချဖို့ဆိုတာ ရည်မှန်းထားတာပါ။

ဒီအတွက်ဆိုရင်တော့ ရံပုံငွေပိုလို လိုအပ်သလို ဆောင်ရွက်စရာတွေလည်း အရှိန်မြင့်လုပ်ဖို့လိုမယ်လို့ WHO ညွန်ကြားရေးမှုးချုပ် မာဂရက်ချမ်းက ပြောသွားပါတယ်။

မြန်မာနိုင်ငံတွင်းမှာလည်း ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အောင်မြင်မှုတရပ်အနေနဲ့ အသေအပျောက်နှုန်းကျဆင်းသွားပါတယ်။

အခြားနိုင်ငံတွေလိုပါပဲ ပိုးသတ်ဆေးရည်စိမ်ခြင်ထောင်အသုံးပြုတာတွေ ကာကွယ်ဆေးနဲ့ အခြားရောဂါထိန်းချုပ်ရေးအစီအစဉ်တွေကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့က အထွေထွေရောဂါကုသရေးဆရာဝန် ဒေါက်တာမြင်ဦးက ပြောပါတယ်။

ရောဂါထိန်းချုပ်ရေးအစီအစဉ်တွေ လုပ်လာတာအပြင်၊ ဆရာဝန်တွေကြားမှာလည်း ကုသနည်းပုံစံပြောင်းလာတယ်လို့ ဒေါက်တာမြင့်ဦးကပြောပါတယ်။ တချိန်တည်းမှာလည်း အများပြည်သူကြားမှာ ငှက်ဖျားရောဂါကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတာ ပညာပေးအသိတွေ များလာတယ်လို့လည်း ဒေါက်တာမြင့်ဦးက ရှင်းပြပါတယ်။

အခု WHO အစီရင်ခံစာထဲမှာ ကမ္ဘာအဝှမ်း ငှက်ဖျားရောဂါကြောင့် ဒဏ်ပိနေတဲ့ ရောဂါဖြစ်ပွားမှုအဆိုးဆုံးနိုင်ငံ ၃၁နိုင်ငံကို ဖော်ပြထားပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင်ပါ။ မြန်မာနိုင်ငံတွင်း သတ္တုတွင်းတူးဖော်ရေးလုပ်ငန်း၊ သစ်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေက လုပ်သားတွေဟာ ပိုပြီး ဖြစ်ပွားဖို့ အန္တရာယ်များနေတယ်လို့ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG