ရုရှားအစိုးရပိုင် ရိုစိုဘိုရွန် (Rosoboron) လက်နက်ရောင်းချရေး ကုမ္ပဏီကြီးက ရုရှားလုပ် MIG-29 တိုက်လေယာဉ် အစင်း ၂၀ ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၇၀ နဲ့ မြန်မာစစ်အစိုးရကို ရောင်းချတဲ့ အရောင်းအ၀ယ် စာချုပ်ကို ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ချုပ်ဆိုခဲ့ကြတယ်လို့ ရုရှားနိုင်ငံက ဒီဇင်ဘာ ၂၃ ရက်နေ့ထုတ် ကွန်မားဆန့် (Kommersant) နေ့စဉ် သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာစစ်အစိုးရက အခုလို ရုရှားလုပ် MIG-29 တိုက်လေယာဉ်တွေ ထပ်ပြီး ၀ယ်ယူရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (NDD) ရဲ့ သုတေသန ဌာနမှူး ဦးဌေးအောင်ကို ကိုရော်နီညိမ်းက ဆက်သွယ်မေးမြန်းရာမှာ ဦးဌေးအောင်က အခုလို စရှင်းပြပါတယ်။
“ကျနော်သိရသလောက် မူလ ၂၀၀၄ ခုနှစ်လောက်က ၀ယ်ခဲ့တဲ့ MIG နဲ့တင် လက်ရှိ မလုံလောက်တဲ့အတွက် နောက်ထပ် ၂ အုပ် ထပ်ဝယ်တယ်လို့ပဲ ကျနော် ယူဆပါတယ်။ ထိုင်းနိုင်ငံအတွက် သာမက ဘင်္ဂလားဒေ့ရှ်နဲ့လည်း စစ်ရေးတင်းမာမှုတွေ ပေါ်နေတဲ့အတွက် အဲဒီဘက်ကိုလည်း လက်လှမ်းမီအောင် နောက်ထပ် လေယာဉ်အုပ် ၂ အုပ် ထပ်ပြီးတော့ အရေးပေါ် ၀ယ်ယူတယ်လို့ပဲ ကျနော် ယူဆပါတယ်။”
တရုတ်နဲ့အပြိုင် ရုရှားက ကမ်းလှမ်းတာမှာ မြန်မာစစ်အစိုးရက ရုရှား MIG-29 ကိုပဲ ရွေးလိုက်တယ်လို့ ဒီသတင်းထဲမှာ ဖော်ပြထားပါတယ်။ တရုတ်နဲ့ ရုရှားရဲ့ ဗမာ့ လေတပ်လေယာဉ် ဈေးကွက်မှာ ဘယ်လိုအနေအထား ရှိတယ်ဆိုတာ နည်းနည်း ရှင်းပြပေးပါ။
“ကျနော်တို့ သိရသလောက် တရုတ်ပြည်ဆိုရင် F-7 M Aircraft ဆိုတဲ့ အမျိုးအစား ၀ယ်ယူတာ ရှိတယ်။ နောက် A-5C အမျိုးအစားတွေ ၀ယ်ယူပြီးတော့ တပ်ဆင်နေတာတွေ ရှိတယ်။ ဒါပေမဲ့ ဒီလေယာဉ်ပျံတွေက မကြာခဏ ဗမာပြည်မှာ ပျက်ကျနေတဲ့ အနေအထားရှိတယ်။ လေယာဉ်မှူးတွေလည်း တယောက်ပြီးတယောက် အသက်ဆုံးရှုံးတာတွေ ရှိတယ်။
“၂၀၀၁-၂၀၀၂ ခုနှစ်တုန်းကတော့ နယ်စပ် အငြင်းပွားမှုကို အကြောင်းပြုပြီး ထိုင်းလေတပ်က အထူးသဖြင့် F-16 လေယာဉ်ပျံတွေကလည်း မြန်မာပြည်ဘက်ကို ကျူးကျော်ပြီး ပျံသန်းခဲ့တာတွေလည်း ရှိတယ်။ နောက်တကြိမ်မှာတော့ ထိုင်းနိုင်ငံက F-16 တိုက်လေယာဉ်ပျံက မိုင်းဆတ်မြို့နယ်ထဲက နယ်စပ် တောင်ကုန်းတခုကို ပစ်ခတ်ခဲ့တဲ့ သာဓကလည်း ရှိခဲ့တယ်။
“ထိုင်းနိုင်ငံရဲ့ F-16 တိုက်လေယာဉ်ပျံတွေကို ကြားဖြတ်ပြီး ဟန့်တား တိုက်ခိုက်နိုင်ဖို့အတွက် စွမ်းရည် သတ္တိအရလည်း နှိုင်းယှဉ်နိုင်မယ်လို့ သူတို့ ယူဆတဲ့ တရုတ်နိုင်ငံက ကမ်းလှမ်းတယ်ဆိုတဲ့ လေယာဉ်တွေကို စစ်အစိုးရက ၀ယ်ယူမယ့်အစား သူတို့လည်း လက်တွေ့ သုံးစွဲပြီးသားဖြစ်တဲ့ MIG-29 ကိုပဲ ထပ်ပြီးတော့ ၀ယ်ယူဖို့ သူတို့ဘက်က ဆုံးဖြတ်တာ ဖြစ်နိုင်ပါတယ်။”
အခု မြန်မာစစ်အစိုးရဟာ ဟိုအရင်တကြိမ် MIG-29 ၁၀ စီးကို ၀ယ်စဉ်တုန်းက ထိုင်းနိုင်ငံက သဘာဝဓာတ်ငွေ့ ရောင်းလို့ရတဲ့ ငွေကြေး ရရချင်းမှာပဲ ၀ယ်လိုက်တဲ့သဘော ရှိပါတယ်။ အဲဒါလည်း အားလုံး သိခဲ့ကြပါတယ်။ အခုရော ဘယ်ကရတဲ့ငွေနဲ့ ၀ယ်တယ်လို့ ဦးဌေးအောင်တို့ သုံးသပ်လို့ ရပါသလဲ။
“တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းတွေအတွက် ငွေမသုံးသလောက် ဖြစ်ပေမဲ့ စစ်တပ်အတွက်ဆိုရင် သူတို့က ကမ်းလွန်ပင်လယ်ပြင်က ထွက်နေတဲ့ သဘာဝဓာတ်ငွေ့တွေ အပါအ၀င် ကျွန်းသစ်တွေ၊ ရေနံတွေ၊ တွင်းထွက်ပစ္စည်းတွေ၊ သစ်တောတွေကအစ သူတို့ သိမ်းကျုံးရောင်းပြီးတော့ ရတဲ့ငွေတွေကို ဦးပိုင်လီမိတက်ရဲ့ ငွေကြေးရန်ပုံငွေကတဆင့် ဒါတွေ ၀ယ်ယူနေတဲ့ အနေအထားတွေလည်း ရှိပါတယ်။
“မကြာသေးခင်ကမှ Earth Rights International ကနေပြီးတော့ စင်ကာပူမှာရှိတဲ့ စစ်အစိုးရနဲ့ ဆက်ဆံနေတဲ့ တရုတ်ဘဏ်တခုက နေပြီးတော့ ငွေကြေးတွေ သုံးစွဲပြီး နိုင်ငံခြားက လက်နက်တွေ ၀ယ်ယူပေးနေတယ်ဆိုတဲ့ စွပ်စွဲမှုမျိုး ပေါ်ပေါက်လာတာလည်း ရှိသလို အမေရိကန် ပြည်ထောင်စုကလည်း မကြာသေးခင်ကမှ ဘဏ်တခုကို ဗမာစစ်အစိုးရအတွက် အကျိုးဆောင်ပေးနေတဲ့အတွက် အရေးယူခဲ့တာတွေလည်း တွေ့ရပါတယ်။ နိုင်ငံတကာ ငွေကြေးလျှော်ဖွပ်တဲ့ လုပ်ငန်းတွေကတဆင့် လက်နက်တွေ အပါအ၀င် တခြားပစ္စည်းတွေ ၀ယ်ယူသုံးစွဲနေတယ်လို့ပဲ ကျနော် ယူဆပါတယ်။”
ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (NDD) သုတေသနနဲ့ မှတ်တမ်းတင်ဌာနက ဦးဌေးအောင် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။