နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို စည်ပင်သာယာရဲ့ ခွင့်ပြုချက်နဲ့ ပြင်ဆင်နေရာမှာ အကိုဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ ကိုယ်စားလှယ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကို ယမန်နေ့က လာရောက် ကန့်ကွက်သွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စည်ပင်သာယာရေးက စုံစမ်းနေစဉ်အတွင်း အိမ်ပြင်ဆင်မှုကို ယာယီ ရပ်ဆိုင်းလိုက်ရတယ်လို့ မကြာခင်က သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က သူ့အိမ်ရဲ့ ဝရန်တာတို့ ဘာတို့ လုံခြုံရေး မရှိတဲ့နေရာတွေ လုံခြုံရေးရှိအောင် ပြင်ဆင်နေတယ်ပေါ့။ ဒီပြင်ဆင်တာက မြို့တော် စည်ပင်သာယာရေး ခွင့်ပြုချက်နဲ့ ပြင်တာ။ အခုတော့ ဒီနေ့ပဲ မြို့တော် စည်ပင်သာယာရေး အဖွဲ့က ဦးအောင်ဆန်းဦးရဲ့ ကန့်ကွက်ချက်ကြောင့် သူတို့ စုံစမ်းစစ်ဆေးနေစဉ် အတွင်းမှာ ရပ်ဆိုင်းထားပါဆိုတဲ့ အမိန့်ကို ဒီနေ့ ပေးပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း တရားဝင်ထုတ်ပြန်တဲ့ ဒီအမိန့်ကို လိုက်နာမယ်၊ သူဆောင်ရွက်ခဲ့တာလည်း စည်ပင်သာယာ ခွင့်ပြုချက်နဲ့ ဖြစ်တယ်၊ အခုလောလောဆယ်တော့ အမိန့်အတိုင်း လုံး၀ ရပ်ဆိုင်းထားမယ် ဆိုတဲ့အကြောင်းကို ကျနော် ဒီညနေ သိရတယ်။”
၂၀၀၈ ခုနှစ် မေလတုန်းက ရန်ကုန်ကို တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် နေရာတချို့ ပျက်စီးခဲ့ရာမှာ ပြန်လည်ပြင်ဆင်ခွင့်ပေးဖို့ အာဏာပိုင်တွေကို ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ မကြာခင်ကမှ ရန်ကုန် စည်ပင်သာယာရေးရုံးရဲ့ ခွင့်ပြုချက်နဲ့ အိမ်ကို ပြင်ဆင်နေတာ ဖြစ်ပါတယ်။