သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှု ဖြစ်ပွား


အီရန် လုံခြုံရေးတပ်တွေနဲ့ အစိုးရနဲ့ သဘောထား ကွဲလွဲသူ ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ ဟူစိန် အလီ မွန်တာဇာရီ (Ayatollah Hossein Ali Montazeri) ကို ထောက်ခံသူတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်နေတဲ့ သတင်းတွေကို အတိုက်အခံ အုပ်စုတွေက ပေးပို့နေကြပါတယ်။

ဘာသာရေး ခေါင်းဆောင်ကြီးရဲ့ မွေးဇာတိဖြစ်တဲ့ နဟာဖာဘတ် (Najafabad) နဲ့ အစ်စ်ဖာဟန် (Isfahan) မြို့တွေမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေက ဒီကနေ့ နှိမ်နင်း ဖြိုခွဲခဲ့တယ်လို့ အတိုက်အခံဘက်က အင်တာနက် စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။

ဘာသာရေး ခေါင်းဆောင်ကြီးရဲ့ ဈာပန အခမ်းအနား ကျင်းပရာ အစ်စ်ဖာဟန်မြို့မှာ အီရန်ရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွဲခဲ့တယ်လို့ အဲဒီ အင်တာနက် စာမျက်နှာက ဆိုပါတယ်။ ဆန္ဒပြသူ အမြောက်အမြား ဖမ်းဆီးခံခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း အများကြီးရှိတယ်လို့ ဖော်ပြထားပါတယ်။

နဟာဖာဘတ်မြို့မှာလည်း အင်္ဂါနေ့ကတည်းက ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်တွေအကြား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေဟာ ဒီကနေ့အထိ ဆက်သွားခဲ့တယ်လို့ အီရန် အတိုက်အခံတွေက ပြောပါတယ်။

အီရန်နိုင်ငံဟာ နိုင်ငံခြား သတင်းထောက်တွေကို ဆန္ဒပြပွဲသတင်းတွေ လုပ်ခွင့်မရှိဘူးလို့ ပိတ်ပင်ထားတာကြောင့် အဲဒီသတင်းတွေကို သီးခြား အတည်ပြုချက်တော့ မရယူနိုင်သေးပါဘူး။

ဘာသာရေး ခေါင်းဆောင်ကြီး အယာတိုလာ မွန်တာဇာရီဟာ အသက် ၈၇ နှစ်အရွယ် စနေနေ့တုန်းက ဘာသာရေးမြို့တော် ကွမ် (Qom) မှာ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ အီရန် ပြန်လည် ပြုပြင်ပြောင်းလဲရေး သမားတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဘာသာရေး အကြီးအကဲ တယောက်အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG