အီရန်လူထုရဲ့ လိုအင်ဆန္ဒတွေကို ဖျက်ဆီးပစ်ဖို့အတွက် အမျိုးမျိုးသော လုံခြုံရေးဆိုင်ရာ အာဏာတွေကို အသုံးပြုနေတယ်လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပီဂျေ ခရိုလေး (P.J. Crowley) က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အီရန် အတိုက်အခံတွေအပေါ် အကြမ်းဖက် အရေးယူတာတွေ ပြီးခဲ့တဲ့ ရက်တွေအတွင်း တိုးလာနေတယ် ဆိုတဲ့သတင်းတွေ ထွက်လာပြီးတဲ့နောက် သူက အခုလို ပြောလိုက်တာပါ။
အီရန်နိုင်ငံ အလယ်ပိုင်းမှာ စုဝေးခဲ့ကြတဲ့ ကွယ်လွန်သူ အတိုက်အခံ ဘာသာရေးခေါင်းဆောင် အယာတိုလာ ဟူစိန် အလီ မွန်တာဇာရီ (Ayatollah Hossein Ali Montazeri) ကို ထောက်ခံသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေနဲ့ ပစ်ခတ် ရိုက်နှက်ခဲ့ဲကြတယ်လို့ အီရန် အတိုက်အခံ အဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။