သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကျန်းမာရေး စောင့်ရှောက်မှု အထက်လွှတ်တော် အတည်ပြု


အမေရိကန် ပြည်ထောင်စုမှာ ကျန်းမာရေး အာမခံ မရှိတဲ့ သန်းပေါင်း ၃၀ သော နိုင်ငံသားတွေအတွက် ကျန်းမာရေး အာမခံပေးမယ့် နိုင်ငံရဲ့ ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဒီနေ့ ကြာသပတေး မနက်စောစောမှာ မဲပေးခဲ့ကြရာမှာ လူနည်းစု ရီပတ်ဘလီကန်တွေက တညီတညွတ်တည်း ဆန့်ကျင်ကြပြီးတော့ ဒီ ဥပဒေမူကြမ်းက ၆၀ မဲ၊ ၃၉ မဲနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။

လွှတ်တော် လူများစုခေါင်းဆောင် ဟယ်ရီ ရိဒ် (Harry Reid) က…

“ကောင်းမြတ်လှတဲ့ ကျနော်တို့နိုင်ငံတွင်းမှာ ရှိနေသူတွေ ကျန်းကျန်းမာမာ နေထိုင်နေရေးဟာ အခွင့်ထူးခံ လူတချို့အတွက် မဟုတ်ဘဲ လူတိုင်းအတွက်ဖြစ်တယ် ဆိုတာကို ဒီအောင်ပွဲက အတည်ပြုပေးလိုက်ပါပြီ။” လို့ ပြောသွားပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ သူ့အပေါင်းအဖော် ဒီမိုကရက်တွေက ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကိစ္စကို အဓိက ဦးစားပေးအဖြစ်နဲ့ ထားရှိခဲ့တာ ဖြစ်ပါတယ်။

အခု အထက်လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ဥပဒေဟာ အာမခံကုမ္ပဏီတွေ အပေါ်မှာ အပြင်းထန်ဆုံး ကိုင်တွယ်တဲ့ စည်းကမ်းတွေပဲ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက အိမ်ဖြူတော်မှာ ပြောကြားသွားပါတယ်။ သမ္မတက…

“သမိုင်းတွင်မယ့် မဲပေးမှုကို ဒီနေ့ မနက်ခင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒါဟာ အထက်လွှတ်တော် အမတ်တွေနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက် အောက်လွှတ်တော်အမတ်တွေ စုပေါင်းပြီး သမိုင်းမှတ်တိုင် စိုက်ထူနိုင်မယ့် ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အတည်ပြုနိုင်အောင် လုပ်ခဲ့ကြတာပါပဲ။” လို့ ပြောသွားပါတယ်။

ကျန်းမာရေး အာမခံကို တိုးချဲ့ပေးမယ့်အပြင် ဒီဥပဒေက အာမခံ ကုမ္ပဏီတွေဟာ နဂိုရှိထားပြီးသား ရောဂါကြောင့် လူနာတွေကို ကျန်းမာရေးအာမခံ မပေးတဲ့ ကိစ္စကိုလည်း တားမြစ်မှာ ဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းကို ဥပဒေအဖြစ် သမ္မတက လက်မှတ် မထိုးခင်မှာတော့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ဒီဥပဒေနဲ့ ပတ်သက်ပြီး နှစ်ဘက်ရဲ့ ကွဲပြားနေတဲ့ အချက်တွေကို ပြန်ညှိနှိုင်း ပေါင်းစည်းရမှာ ဖြစ်ပါတယ်။ လွှတ်တော်နှစ်ရပ်က အချက်တော်တော်များများမှာ ကွဲလွဲနေကြတာမို့ နှစ်ဘက် ညှိနှိုင်းရရှိဖို့ အချိန်တော့ လိုမယ့်သဘော ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG