သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု ရှေ့နေပါဝါလွှဲ


နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်ကို ဗဟိုတရားရုံးချုပ်မှာ ဆက်ပြီး လုပ်ဆောင်ဖို့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အကျိုးဆောင် ရှေ့နေတွေ တွေ့ဆုံခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေပါဝါ လွှဲပေးတာတွေ လုပ်ခဲ့ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် အတွက်ရော နေအိမ်မှာ အတူရှိနေတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမတို့ အတွက်ပါ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ရှေ့နေပါဝါ ယူခဲ့တာ ဖြစ်တယ်လို့ ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။

“ဒီနေ့ကတော့ ရှေ့နေပါဝါ ယူတာပေါ့ဗျာ။ ရှေ့နေပါဝါ ယူတော့ ဒေါ်စုကလည်း ကျနော်တို့အတွက် ပါဝါပေးတယ်။ ခင်ခင်ဝင်းနဲ့ ဝင်းမမကလည်း ပေးတယ်။ ပါဝါတွေရတော့ ပါဝါတွေကို အခု ရုံးဖွင့်မယ့်ရက် တနင်္လာနေ့ကျရင် သွားတင်ရမယ်။ အကြမ်းဖျင်းလောက်ပဲ ဆွေးနွေးကြပါတယ်။ အသေးစိတ်က သူတို့ အခု ဖတ်ချိန်တောင် မရသေးဘူး။ အခု ပြင်ဆင်စာ Notice ပေးတာတို့ ဘာတို့ အသေးစိတ်ကို မဖတ်ရသေးဘူး။”

အခုလာမယ့် တနင်္လာနေ့ ရုံးဖွင့်တဲ့ရက်မှာ ရှေ့နေပါဝါတွေကို ဗဟိုတရားရုံးချုပ်မှာ တင်ပြီးရင်တော့ နောက်ထပ် ရုံးချိန်းရက် မရခင် နှစ်ဘက် ရှေ့နေတွေရဲ့ လျှောက်လဲချက် ပြင်ဆင်မှုတွေကို ဖတ်ရမှာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

“အန်ကယ်တို့ ဖတ်သင့်ဖတ်ထိုက်တဲ့ဟာတွေ အကုန်ဖတ်မယ်။ ဖတ်ပြီး Ready ဖြစ်ပြီ၊ ဟိုကလည်း အန်ကယ်တို့ ပါဝါတင်ပြီးရင် အမှုချိန်း ချိန်းမယ်။ အမှုချိန်းမှာ မပြောခင် တခေါက် သွားပြောမယ်။ အန်ကယ်တို့ တင်ထားတဲ့ ပြင်ဆင်မှုကတော့ တော်တော်လေး အိုကေတယ်။ အဲဒီအပိုင်း ကိုယ့်ဘာသာကိုယ် ပြင်ဆင်မှုလည်း ရေးတယ်၊ လျှောက်လဲချက်လည်း ရေးတယ် ဆိုတော့ အဲဒီအပိုင်းကတော့ အိုကေ။ ဟိုဘက်ပိုင်းက တင်ပြထားတာတွေတော့ ဖတ်ရဦးမယ်၊ လေ့လာရဦးမယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအတွက် ဥပဒေအရ ပြင်ဆင်မှုဆိုင်ရာ ပြစ်မှု လျှောက်ထားချက်တွေ ထဲမှာတော့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အသက်မဝင်တော့တဲ့အတွက် အခုပြစ်ဒဏ်ဟာလည်း အကျုံးမဝင်ဘူးဆိုတဲ့ အချက်က အဓိက ပါဝင်မယ်လို့ ပြောပါတယ်။

“အန်ကယ်တို့ကတော့ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မရှိတော့ဘူး။ အဲဒီလို ပြောတာကလည်း အန်ကယ်တို့ရဲ့ အပြောတင် မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အထဲမှာကို ရေးထားတယ်လေ။ အဲဒါ ၈၈ ခုနှစ်ကတည်းက ချုပ်ငြိမ်းသွားပြီ၊ သူတို့ပြောတဲ့ စကားဆိုရင် ရပ်ဆိုင်းသွားပြီပေါ့။ ဟိုဘက်မှာ အင်္ဂလိပ်လိုကတော့ It came to end လို့ အဲလို ဆိုတယ်။ အဲဒါကြောင့် ခုနအပြော ထပ်ပြောရင် အန်ကယ်တို့ အပြောချည်းပဲ မဟုတ်ဘူး၊ အန်ကယ်တို့ကလည်း အဲဒါကို အခြေခံပြီး ပြောမှာ။”

နောက်တခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ဆင်မှုကို ကန့်ကွက်ထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာများ ဆွေးနွေးဖြစ်ခဲ့ပါသလဲလို့ မေးကြည့်တော့ ဦးကြည်ဝင်းက အခုလို ဆက်ပြောပါတယ်။

“ဘာမှတော့ သိပ်ပြီး ထူးထူးထွေထွေ မပြောပါဘူး။ ရပ်ဆိုင်းဆိုတဲ့အတိုင်း ရပ်ဆိုင်းထားတယ်။ သူကတော့ စည်ပင်က တားမြစ်တယ်လေ။ ဆက်ပြီးတော့ မပြင်ပါနဲ့၊ ရပ်ဆိုင်းထားပါလို့ ပြောလို့ ရပ်ဆိုင်းထားတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးကြည်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ နေအိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နဲ့ ဦးလှမျိုးမြင့်တို့ဟာ ၂ နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ဗဟိုတရားရုံးချုပ်က ရှေ့နေပါဝါလွှဲတာကို လက်ခံပြီး နောက်ထပ် ရုံးချိန်းရက် မပေးခင်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံဖို့ ရှိသေးတယ်လို့လည်း ဦးကြည်ဝင်းက ပြောပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက အောက်တိုဘာလမှာ ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ရှေ့နေတွေက ပယ်ချခဲ့တဲ့ အယူခံလွှာကို ပြင်ဆင်ဖို့ လျှောက်လဲချက် ပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG