မြန်မာပြည်မှာ လူ့အခွင့်အရေးတွေ အကြီးအကျယ် ချိုးဖောက်နေတဲ့အတွက် ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ကြာသပတေးနေ့က အတည်ပြုလိုက်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ပြဋ္ဌာန်းချက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်များအား တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားတဲ့ အဲဒီပြဋ္ဌာန်းချက်ကို ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ၈၆ နိုင်ငံက ထောက်ခံ၊ ၂၃ နိုင်ငံက ကန့်ကွက်ပြီး ၃၉ နိုင်ငံက မဲမပေးဘဲ နေကြပါတယ်။
၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို အုပ်စိုးလာခဲ့တဲ့ စစ်တပ်က ၁၉၉၀ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိလိုက်တဲ့အခါ စစ်အစိုးရက အာဏာလွှဲမပေးဘဲ နိုင်ငံကို ဆက်လက် အုပ်ချုပ်နေပါတယ်။