သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ခရစ္စမတ် နှုတ်ခွန်းဆက်


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ သူ့အရင် သမ္မတတွေလိုပဲ ခရစ္စမတ် အားလပ်ရက် ကာလအတွင်း နေအိမ်ကနေ အဝေးမှာ ရောက်နေကြတဲ့ စစ်ဘက်ဝန်ထမ်း အမျိုးသား အမျိုးသမီးတွေကို သတိတရနဲ့ နှုတ်ခွန်းဆက်စကား ပြောဆိုခဲ့ပါတယ်။ အမေရိကန် နိုင်ငံသားတွေ အားလုံး ခရစ္စမတ်နဲ့ တနှစ်တာ ကာလပတ်လုံးမှာ အလားတူ သတိတရ ရှိကြဖို့လည်း ရေဒီယိုနဲ့ အင်တာနက်ကနေတဆင့် ပြောကြားခဲ့တဲ့ သူ့ရဲ့ သီတင်းပတ်စဉ် မိန့်ခွန်းမှာ သမ္မတက ထည့်သွင်း ပြောဆိုသွားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ပေါ်လာ ဝုဖ်ဆင် (Paula Wolfson) သတင်းပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုကနေ ပြန်ပြီး ရုန်းထနိုင်အောင် တိုင်းပြည်ဟာ ကြိုးစားနေရတာနဲ့အမျှ ခက်ခဲတဲ့ ကာလတွေကို ကျော်ဖြတ်နေရတယ်ဆိုတာ သူသိပါတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဒါပေမဲ့လည်း ခရစ္စမတ်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲဖို့အကြောင်းတွေ အများအပြားပါလို့ သမ္မတက ဆိုပါတယ်။

“မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ချစ်ခြင်းမေတ္တာ၊ လူမှုအသိုင်းအဝိုင်းနဲ့ နိုင်ငံရဲ့ စည်းနှောင်မှု၊ အားလပ်ရက် ကာလအတွင်း နေအိမ်ကနေ အဝေးမှာ ရောက်နေကြတဲ့ စစ်ဘက်ဝန်ထမ်း အမျိုးသား အမျိုးသမီးတွေရဲ့ အရည်အချင်းနဲ့ ရဲစွမ်းသတ္တိတွေကို သတိတရ ရှိနေကြပါတယ်။”

သူတို့တတွေရဲ့ ကိုယ်ကျိုးမဖက်တဲ့ စိတ်ဓာတ်နဲ့ တာဝန်ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှုတွေကို သူ လေးစားမိပါတယ်လို့ သမ္မတက ပြောပါတယ်။

“ဘဂ္ဂဒက်ကနေ ကိုရီးယားကျွန်းဆွယ်အထိ သင်တို့ ထမ်းဆောင်နေရတဲ့ တာဝန်ဝတ္တရားတွေအပေါ် သန္နိဋ္ဌာန် ခိုင်မာမှုကြောင့် ကျနော် စိတ်အားတက်ကြွရပါတယ်။”

စစ်ဆေးရုံတွေမှာ သူတွေ့ခဲ့ဖူးတဲ့ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ဟာ သူ့ကို စိတ်လှုပ်ရှားစေပါတယ်လို့ သမ္မတက ပြောသလို အဆုံးတိုင် ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံခဲ့သူတွေအကြောင်း ကြားရတဲ့ အခါမှာလည်း သူ တလေးတစား ဖြစ်မိပါတယ်လို့ ဆိုပါတယ်။

ခရစ္စမတ် အချိန်ကာလနဲ့ တိုက်ဆိုင်ပြီး ခါတိုင်းထက် စောပြီး ထုတ်လွှင့်ခဲ့တဲ့ သီတင်းပတ်စဉ် ရေဒီယိုနဲ့ အင်တာနက် မိန့်ခွန်းတွေမှာ အားလပ်ရက် ကာလအတွင်း တပ်ဖွဲ့ဝင်တွေကို သတိတရ ရှိကြဖို့ သမ္မတက အမေရိကန် နိုင်ငံသားတွေကို တိုက်တွန်းခဲ့ပါတယ်။ ဒီလိုမိန့်ခွန်းမျိုးမှာ ပထမဆုံးအကြိမ် ဝင်ပြောခဲ့တဲ့ သမ္မတကတော် မီရှဲလ် အိုဘားမား (Michelle Obama) ကလည်း နိုင်ငံတဝန်းက စစ်စခန်းတွေကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်တွေမှာ တွေ့မြင်ခဲ့ရတာတွေကို ပြန်ပြောင်းပြောဆိုရင်း စစ်ဘက်မိသားစုဝင်တွေကို ပံ့ပိုးကူညီကြဖို့ ဆော်သြခဲ့ပါတယ်။

“အဖေ ဒါမှမဟုတ် အမေ ဘယ်တော့များ အိမ်ပြန်လာပါ့မလဲဆိုတာ တွေးနေကြတဲ့ ကလေးတွေ၊ ကျမတို့ရဲ့ ဒဏ်ရာရ စစ်သည်တွေကို ပြုစုစောင့်ရှောက်နေကြတဲ့ အဖိုးအဖွားနဲ့ ဆွေမျိုးသားချင်းတွေ၊ ကမ္ဘာကြီးမှာ သူတို့ ချစ်ခင်မြတ်နိုးဆုံးသူကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက် ဘဝကို ရှေ့ဆက်သွားနိုင်ဖို့ ကြိုးစားနေကြသူတွေကို ကျမ တွေ့ခဲ့ရပါတယ်။”

မိန့်ခွန်းမပြောခင်မှာ သမ္မတ အိုဘားမားက အာဖဂန်နစ္စတန်နဲ့ အီရတ်မှာ တာဝန်ကျနေတဲ့ အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၀ ယောက်ကို ခရစ္စမတ် အကြိုရက်မှာ တယ်လီဖုန်းဆက်ပြီး နှုတ်ခွန်းဆက်စကား ပြောခဲ့ပါတယ်။ အဲဒီ ၁၀ ယောက်ထဲမှာ စစ်ဘက်ဌာနခွဲကြီး ၅ ခုမှာ တာဝန်ထမ်းဆောင်နေကြသူ ၂ ယောက်စီ ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG