အာဖဂနစ္စတန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၆ လလောက်က ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် စစ်သည်တဦးရဲ့ ပြောဆိုချက်တွေလို့ ဆိုတဲ့ ဗွီဒီယို မှတ်တမ်းတခုကို တာလီဘန်တွေက ထုတ်ဖော် ပြသလိုက်ပါတယ်။ မနေ့တုန်းက ပြသခဲ့တဲ့ ဒီဗွီဒီယို မှတ်တမ်း ထဲမှာတော့ စစ်ဝတ်စုံနဲ့ သံခမောက်ဆောင်း နေကာမျက်မှန် တပ်ဆင်ထားသူ တဦးက သူဟာ အသက် ၂၃ နှစ် အရွယ်ရှိ Bowe Bergdahl လို့ ပြောဆိုတာကို တွေ့မြင်ခဲ့ရတာပါ။
အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ အမေရိကန်တွေအနေနဲ့ မားမားမတ်မတ် မရပ်ကြဘူးဆိုရင် အာဖဂန်ဟာ အမေရိကန်အတွက် နောက်ထပ် ဗီယက်နမ် ဖြစ်လိမ့်မယ်ဆိုပြီး သူက သတိပေးပြောဆိုခဲ့တာပါ။ သူ့အပေါ် လူ့ဂုဏ်သိက္ခာ နဲ့အညီ ပြုမူဆက်ဆံတယ်လို့လည်း ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီဗွီဒီယို မှတ်တမ်းထဲမှာ အကျဉ်းသား လဲလှယ်ဖို့အတွက် တာလီဘန် ပြောခွင့်ရသူက တောင်းဆိုတာလည်း ပါဝင်ခဲ့တာပါ။ အမေရိကန် စစ်သည် Bergdahl ရဲ့ မိသားစုကတော့ တာလီဘန်တွေ သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့၊ သူ့အနေနဲ့ ဆက်လက်ပြီး ခိုင်ခိုင်မာမာ ရှိဖို့အတွက်လည်း မနေ့တုန်းကပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ နေတိုးတပ်ဖွဲ့တွေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ဒီဗွီဒီယို မှတ်တမ်းဟာ အသင့်ပြင်ထားတဲ့ စာရွက်ကို ဖတ်ခိုင်းထားလို့ ဖတ်နေရတဲ့ လူငယ်စစ်သား တယောက်ကို အခွင့်ကောင်း ယူခဲ့တာဖြစ်တာမို့ စက်ဆုပ်စရာ လုပ်ရပ်လို့ ပြစ်တင် ရှုတ်ချခဲ့တာပါ။