ခိုလှုံခွင့်ရဖို့အတွက် ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ လာအိုနိုင်ငံက Hmong တိုင်းရင်းသား ထောင်ပေါင်းများစွာကို နေရပ်ရင်း ပြန်ပို့ဖို့ ပြင်ဆင်နေတာတွေ ရပ်ဆိုင်းဖို့ ကန့်ကွက် နေတဲ့ကြားကပဲ၊ ထိုင်းအစိုးရကတော့ အစီအစဉ်အတိုင်း ဆက်လုပ်သွားမယ် လို့ ပြောဆိုလိုက်ပါတယ်။
ဒီနှစ်မကုန်မီမှာ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းရောက်ရှိလာကြသူ ၄,၀၀၀ ထောင်ကို လာအိုနိုင်ငံ ပြန်ပို့ဖို့ ကြေညာခဲ့စဉ်ကစလို့ ဝေဖန်မှုတွေ ထပ်တလဲလဲ ရှိနေတာတွေကို ထိုင်းအစိုးရက လက်မခံ ပယ်ချခဲ့တာပါ။ ဆောင်ရွက်ရမယ့် ကိစ္စတွေ အားလုံး ပြီးစီးသွားတဲ့အခါ နေရပ်ရင်း ပြန်ပို့ရေး အစီအစဉ်တွေဟာလည်း အောင်အောင်မြင်မြင် ဖြစ်သွားမှာပါလို့ ထိုင်းဝန်ကြီးချုပ် အဘိဆစ် ၀ိချာချီဝ က မနေ့တုန်းကပဲ ပြောခဲ့တာဖြစ်ပါတယ်။
Hmong တိုင်းရင်းသားတွေ အနေနဲ့ နေရပ်ရင်း လာအိုနိုင်ငံကို ပြန်ပို့ခံရမယ်ဆိုရင် အရေးယူ အပြစ်ပေးတာတွေနဲ့ ရင်ဆိုင်ရမယ့် အန္တရာယ်တွေ ရှိနေတယ်ဆိုပြီး အမေရိကန်၊ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ အဖွဲ့အစည်းတွေက ကြာသပတေးနေ့ တုန်းကပဲ အစီအစဉ်ကို ပယ်ဖျက်ဖို့ တောင်းဆို ခဲ့ကြတာပါ။ လာအို အစိုးရကတော့ Hmong လူမျိုးတွေ အရေးယူခံရမယ် ဆိုတာ မဟုတ်ပါဘူးလို့ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။