နယ်သာလန်နိုင်ငံ အမ်စတာဒမ် (Amsterdam) မြို့ကနေ အမေရိကန်နိုင်ငံ ဒိထရွိုက် (Detroit) မြို့ဆီကိုလာတဲ့ လေယာဉ်တစင်းပေါ်မှာ အယ်လ်ခိုင်းဒါး နဲ့ ဆက်နွယ်သူလို့ သူ့ကိုယ်သူပြောတဲ့ နိုင်ဂျီးရီးယား တယောက်က ဗုံးဖောက်ဖွဲ့ဖို့ ကြိုးစားခဲ့ပြီးတဲ့နောက် ကမ္ဘာတဝှမ်း လေဆိပ်တွေမှာ လုံခြုံရေးတွေ တင်းကျပ်ထားလိုက်ပါတယ်။
ခရစ္စမတ်နေ့ သောကြာနေ့မှာပျံသန်းတဲ့ အဲဒီလေယာဉ် ဆင်းသက်ခါနီးမှာပဲ အသက် ၂၃ နှစ်အရွယ် အူမာ ဖရွတ် အက်ဘ်ဒူလ် မူဒါလက်ဘ် (Umar Farouk Abdul Mutallab) က လေယာဉ်ကို ဖောက်ခွဲဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ လေယာဉ်ပေါ်က ခရီးသည်တွေဟာ ပေါက်ကွဲသံတခုကိုသာ ကြားခဲ့ကြရတယ်လို့ ပြောပါတယ်။ မီးခိုးတွေ ထွက်လာတာကို လည်း မြင်ခဲ့ကြရပါတယ်။ ခရီးသည် ၂၇၈ ယောက် ပါလာတဲ့ Northwest လေကြောင်းလိုင်းပေါ်မှာ ခရီးသည်တချို့သာ အနည်းငယ် ဒဏ်ရာရသွားပြီးတော့ ဒိထရွိုက် မက်ထရိုပိုလီတန် (Detroit Metropolitan) လေဆိပ်ဆီကို အန္တရာယ် ကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။
အမေရိကန်ကို လာသမျှ လေယာဉ်တွေအားလုံးအပေါ်မှာ လုံခြုံရေးသတိ ပိုပြီးတော့ ထားကြဖို့အတွက် အမေရိကန် အာဏာပိုင်တွေက ပြောထားပါတယ်။ နိုင်ဂျီးရီးယားမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ပြောထားပါတယ်။ ဒီလုပ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးစားမှုလို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ဖော်ပြပြောဆိုပါတယ်။ ဟာဝိုင်အီမှာ ခရစ္စမတ် ရုံးပိတ်ရက် အပမ်းဖြေနေတဲ့ သမ္မတ ဘရက် အိုဘားမား ကလည်း အခြေအနေကို လေ့လာစောင့်ကြည့် နေပါတယ်။