သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူနာမီ (၅) နှစ်ပြည့်တိုင် မြန်မာရုပ်အလောင်းတချို့ ပိုင်ရှင်မဲ့ဆဲ


အိန္ဒိယသမုဒ္ဒယာအတွင်း ဆူနာမီ ရေလှိုင်းကြီးဖြစ်ပေါ်ခဲ့တဲ့ (၅) နှစ်ပြည့် အခမ်းအနားကို ထိုင်းနိုင်ငံ ဖန်င ခရိုင်အတွင်းမှာ ကျင်းပခဲ့ကြပါတယ်။ ဆူနာမီ ဖြစ်ခဲ့တာ ၅ နှစ်ရှိခဲ့ပေမဲ့ ခုချိန်ထိ ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတွေ ရှိနေတုန်းပဲလို့ ကူညီလုပ်ကိုင် ပေးနေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီနေ့ကျရောက်တဲ့ ဆူနာမီ (၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ထိုင်းနိုင်ငံအတွင်း ဒီရေလှိုင်းဒဏ် အဓိက ခံခဲ့ရတဲ့ ဖန်ငခရိုင်အတွင်းမှာ ထိုင်းအစိုးရ တာဝန်ရှိသူတွေ၊ NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသားတွေ အရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာပါ။

ဒီအခမ်းအနားနဲ့ပတ်သက်လို့ ကိုယ်တိုင်ပါဝင် တက်ရောက်ခဲ့တဲ့ အခြေခံလူထု လူ့အခွင့်အရေးဌာနက အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပြပါတယ်။

"ကျနော်တို့ အဓိက ကတော့ ထိုင်းအဖွဲ့အစည်းတွေနဲ့ ထိုင်းအစိုးရနဲ့လုပ်တဲ့ ဆူနာမီ (၅) နှစ်မြောက် အောက်မေ့ဘွယ် အခမ်းအနားကို ကျနော်တို့ ပူးပေါင်းဆောင်ရွက်တယ်၊ အဓိက မနက်စောစောမှာ ကျနော်တို့ တကော်ပါ မြို့မှာရှိတဲ့ လမ်းမကြီးပေါ်မှာ ပိတ်ပြီးတော့ သံဃာပေါင်း ၁,၀၀၀ ကျော်ကို ဆွမ်းလောင်းပွဲလုပ်တယ်။ နေ့လည်ဘက်မှာ ဆွမ်းကျွေးပြီး တော့လည်း သေသွားတဲ့သူတွေအတွက် အမျှအတမ်း ပေးဝေတာတွေ လုပ်တယ်။ ကျနော်တို့ မြန်မာအလုပ်သမားတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေလည်း ပါပြီးတော့ ကျနော်တို့ လုပ်ကြပါတယ်။"

ဆူနာမီ ရေလှိုင်းကြီး တိုက်ခတ်ခဲ့တာ (၅) နှစ်ပြည့်ခဲ့ပေမဲ့ ခုချိန်ထိ ပိုင်ရှင်မပေါ်သေးတဲ့ အလောင်း ၃,၀၀ ကျော် ကျန်နေသေးပြီး ဒီအထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။

"မိသားစုကနေ မတောင်းဆိုတဲ့အလောင်းတွေ ရှိသေးတယ်။ ထိုင်းအစိုးရ အနေနဲ့ကလည်း အဲဒီကျန်ရှိနေတဲ့ အလောင်းတွေကို သူတို့အနေနဲ့ ခန့်မှန်းတာက အများစုက ကျနော်တို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အလောင်းတွေဖြစ်တယ်လို့ သူတို့ ခန့်မှန်းထားတယ်။ ထိုင်းလူမျိုးတွေ အလောင်းတွေကတော့ ကြည့်ရသလောက် မရှိတော့လောက်အောင်ပဲဗျ။ သူတို့ DNA စစ်ပြီးတော့ သူတို့ရဲ့ မျိုးနွယ်တွေက လာယူပြီးတော့ မီးသြင်္ဂီုလ်သွားပြီးပြီ။ ကျန်တဲ့အလောင်းတွေက နိုင်ငံခြားသားတွေလို့ ခန့်မှန်းတယ်။ အဲဒီ နိုင်ငံခြားသားတွေထဲမှာမှ ဒါ မြန်မာတွေလို့ ခန့်မှန်းထားတာမျိုး ကြားတယ်။"

ကျန်နေသေးတဲ့ အလောင်း ၃,၀၀ ကျော်ထဲကမှ DNA အသေအချာ စစ်ပြီး မြန်မာနိုင်ငံသားလို့သိရသူ ၂၄ လောင်း ရှိတယ်လို့ အလောင်းတွေပိုင်ရှင်ထံပြန်ရရေး စေတနာ့ဝန်ထမ်း ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဝင်းလွင်ကလည်း ဗွီအိုအေကို အခုလို ပြောပြပါတယ်။

"အလောင်းက မြန်မာအလောင်းလို့ သိရတာ ၂၄ လောင်း ကျန်တယ်။ မြန်မာနိုင်ငံသားဆိုတာ သိပြီးသားအလောင်းက ၂၄ လောင်း။ ဒါက DNA စစ်ပြီးသား၊ မြန်မာအလောင်းရယ်လို့ သိပြီး ရွေးထုတ်ထားတာ။"

ဆူနာမီ ရေလှိုင်းဒဏ်ခံခဲ့ရတဲ့ နေရာတော်တော်များများဟာ အခုချိန်မှာ ပုံမှန်အနေအထားကို ပြန်ရောက်နေပြီး အဲဒီဒေသမှာ ရှိနေတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေရဲ့ အနေအထားတွေဟာလည်း အတိုင်းအတာတခုထိ ပုံမှန်ဖြစ်နေပြီလို့ ဦးထူးချစ်က ဗွီအိုအေကို ပြောပါတယ်။

အဆိုးထဲက အကောင်းတခုကတော့ ထိုင်းနိုင်ငံအတွင်း ဆူနာမီ ဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ ရှိနေတဲ့ မြန်မာ ရွေ့ပြောင်း အလုပ်သမားတွေအတွက် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ လုပ်ငန်းတွေကို ဆူနာမီ မဖြစ်ခင်ကထက် ပိုပြီး လုပ်ဆောင်ပေးလာနိုင်တယ်လို့ ဦးထူးချစ်က ပြောပါတယ်။

"တခုက ဆူနာမီ ဖြစ်သွားတဲ့အချိန်မှာ ဆိုးကျိုးထဲက ကောင်းတာတခုက ကျနော်တို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဆူနာမီဒေသမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျနော်တို့ အဓိက လုပ်ပေးထားနိုင်တယ်ပေါ့နော်။ အဓိက ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကို။ အဲဒီလိုဆိုတော့ သူတို့ရဲ့ အခြေအနေကတော့ ပုံမှန် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုနဲ့ ထိုင်းနိုင်ငံထဲမှာ အလုပ်သမားတွေကို နှိမ့်ချ ဆက်ဆံမှု ဆိုတဲ့ဟာကတော့ ဘယ်လိုမှ ပပျောက်မှာမဟုတ်ဘူးလေ။ အဲဒါတွေနဲ့ သူတို့ရဲ့ ဘဝတွေဟာ ဆူနာမီ ဖြစ်ပြီးတဲ့အချိန်မှာတော့ တစုံတရာတော့ ပုံမှန်ပြန်ဖြစ်လာတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ဆိုလိုချင်တာက ဆူနာမီ မဖြစ်ခင်က ဖန်င ခရိုင်ထဲမှာ စာသင်ကျောင်းတွေတောင် မရှိခဲ့ဘူး။ ဆူနာမီ ပြီးမှပဲ ကျနော်တို့ အဖွဲ့အစည်းတွေလို တခြား အဖွဲ့အစည်းတွေလည်း စလုပ်တဲ့အချိန်မှာ ကျနော်တို့ ကျောင်းတွေ ဆောက်လာပါတယ်။ ဒါကြောင့်မိုလို့ ကျနော်တို့က တကယ်တမ်း ပြောလေ့ပြောထရှိတာက ဆူနာမီကြောင့်မိုလို့ ကျောင်းတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကျနော်တို့ ပိုလုပ်လာနိုင်တယ်လို့ အဲဒီလို မြင်မိပါတယ်။"

အခြေခံ လူထု လူ့အခွင့်အရေးဌာနက အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် ပြောပြခဲ့တာပါ။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် လူပေါင်း ၂ သိန်းခွဲလောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီဆူနာမီ ရေလှိုင်းဟာ မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်ခဲ့ပေမဲ့ အသေအပျောက် အပျက်အဆီး ဘယ်လောက်ရှိတယ် ဆိုတာကို စစ်အစိုးရက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG