အမေရိကန် ပြည်ထောင်စုကို ဦးတည်လာတဲ့ လေယာဉ်တစင်းကို ခရီးသည်တဦးက ဖောက်ခွဲဖို့ ကြိုးပမ်းတဲ့ ဖြစ်ရပ်တခု ကြုံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောဆိုအပြီး ၂ ရက် အကြာ ဒီလေကြောင်းခရီးစဉ်မှာပဲ နောက်ထပ် လုံခြုံရေး အထိတ်တလန့် ဖြစ်စရာတခုနဲ့ ကြုံခဲ့ရပါတယ်။
မီချီဂန်ပြည်နယ် ဒ်ီထရွိက်မြို့မှာ ဆင်းသက်ခဲ့တဲ့ Northwest လေကြောင်းလိုင်းက လေယာဉ်အမှတ် ၂၅၃ ပေါ်က ခရီးသည်တဦးကို ထိန်းသိမ်းခဲ့တဲ့အကြောင်း အမေရိကန် အမိမြေလုံခြုံရေး ၀န်ကြီးဌာနက ပြောပါတယ်။ ခရီးသည်ဖြစ်သူဟာ လေယာဉ်ပေါ်က အိမ်သာထဲမှာ အကြာကြီး တံခါးပိတ်နေခဲ့ပြီး လေယာဉ်အမှုထမ်းတွေအပေါ် မချေမငံ ပြောဆိုမှုတွေ ရှိခဲ့တာကြောင့် စိုးရိမ်မကင်း ဖြစ်လာရာက အရေးပေါ် ကြေညာခဲ့ရတာ ဖြစ်ပါတယ်။
လေယာဉ်ကို ဘေးလွတ်ရာ ဖယ်ရှားပြီး ဖောက်ခွဲရေး ပစ္စည်းတွေကိုလည်း ရှာဖွေခဲ့ပါတယ်။ အမိမြေလုံခြုံရေး ၀န်ကြီးဌာန ပြောခွင့်ရသူကတော့ ခရီးသည်ဟာ နိုင်ဂျီးရီးယား နိုင်ငံသား တဦးဖြစ်ပြီး နေထိုင်မကောင်းဖြစ်နေတဲ့ သူ့ရဲ့ အပြုအမူကြောင့် အခုလို ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရိုကလည်း လုံခြုံရေး အခြေအနေ ကင်းရှင်းကြောင်း ကြေညာခဲ့ပါတယ်။
အသက် ၂၃ နှစ် အရွယ်ရှိ နိုင်ဂျီးရီးယား နိုင်ငံသား အူမာ ဖာရွတ် အဗ္ဗဒူလ်မူတာလက်ဘ် (Umar Farouk Abdulmutallab) ဆိုသူဟာ သောကြာနေ့တုန်းက ကိုယ်ပေါ်မှာ ပတ်ထားတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို မီးရှို့ဖို့ ကြိုးပမ်းခဲ့ပြီးတဲ့နောက် လေဆိပ်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားပြီး သူ့ကိုလည်း ဖမ်းဆီးထားခဲ့တာပါ။
ခရစ္စမတ်နေ့က ဒီအဖြစ်အပျက်ဟာ အကြမ်းဖက် တိုက်ခိုက်မှု အစီအစဉ်ကြီး တခုရဲ့ တစိတ်တပိုင်း ဖြစ်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့ အမေရိကန် အမိမြေလုံခြုံရေး ၀န်ကြီး ဂျဲနက် နပိုလီတန်နို (Janet Napolitano) က အစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကတော့ နောက်ဆုံးအဖြစ်အပျက်နဲ့ ပတ်သက်လို့ သူကြားသိပြီး ဖြစ်သလို လေကြောင်းခရီးစဉ်တွေ လုံခြုံစိတ်ချမှု ရှိစေဖို့ အရေးကြီးတဲ့ အကြောင်းလည်း အားလပ်ရက် အနားယူနေစဉ် ဇာတိ ဟာဝိုင်ယီကျွန်းကနေ မနေ့တုန်းကပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
တချိန်တည်းမှာပဲ နိုင်ဂျီးရီးယား နိုင်ငံသားတဦး လေယာဉ်ပေါ်မှာ ဗုံးခွဲဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ အပြည့်အ၀ လုပ်ဆောင်သွားဖို့လည်း နိုင်ဂျီးရီးယား ဒု-သမ္မတက ညွှန်ကြားလိုက်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ဂျီးရီးယားနဲ့ အမေရိကန် အာဏာပိုင်တွေကို ဗုံးဖောက်ခွဲဖို့ ကြိုးပမ်းသူရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဖခင်ဖြစ်သူက သတိပေးဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ ကိစ္စလည်း ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။