ဆိုမာလီကမ်းရိုးတန်း အလွန်မှာ လွန်ခဲ့တဲ့ ၂ လတုန်းက ပင်လယ်ဓားပြတွေ အပိုင်စီးသွားခဲ့တဲ့ တရုတ် ကုန်တင်သင်္ဘောကို ပြန်လွှတ်ပေးလိုက်ပြီး သင်္ဘောသား ၂၅ ယောက်စလုံးလည်း ဘေးကင်းရန်ကင်း ရှိနေကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ဒီဆင်ဟိုင်း (De Xin Hai) အမည်ရှိတဲ့ ကုန်တင်သင်္ဘောဟာ အခုအခါ တရုတ်ရေတပ်ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေပြီလို့ တရုတ်ရေတပ်ရဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဌာနကို ကိုးကားပြီး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ပြန်ပေးငွေအဖြစ် တောင်းခံထားတဲ့ ဒေါ်လာ ၄,၀၀၀,၀၀၀ နဲ့ ပတ်သက်လို့တော့ သတင်းက ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမဲ့ ပြန်ပေးငွေကိုတော့ ဖမ်းဆီးခံခဲ့ရတဲ့ သင်္ဘောရဲ့ ကုန်းပတ်ပေါ်ကို ရဟတ်ယာဉ်ပေါ်ကနေ ချပေးခဲ့ရတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။
ကျောက်မီးသွေး တန်ချိန် ၇၆,၀၀၀ တင်ဆောင်လာပြီး တောင်အာဖရိကနိုင်ငံကနေ အိန္ဒိယကို ဦးတည်မောင်းနှင်လာရင်း ပြီးခဲ့တဲ့ အောက်တိုဘာလ လယ်ပိုင်းမှာ ဆေရှဲလ်စ် (Seychelles) ကျွန်းတွေရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၆၅၀ လောက်အကွာ၊ ဆိုမာလီနိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတမ်းအလွန် ကီလိုမီတာ ၁,၃၀၀ လောက်မှာ ပင်လယ်ဓားပြတွေက အပိုင်စီးခဲ့တာ ဖြစ်ပါတယ်။
အာဖရိက ဦးချိုဒေသက ဥပဒေမဲ့ ပင်လယ်ပြင်ထဲမှာရှိတဲ့ ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့ တရုတ်အစိုးရက စစ်သင်္ဘော ၃ စင်း စေလွှတ်ထားခဲ့ပြီးနောက် ပထမဆုံး ပြန်ပေးဆွဲခံရတဲ့ တရုတ်သင်္ဘောလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဆိုမာလီ ပင်လယ်ဓားပြတွေက ဒါဇင်နဲ့ချီတဲ့ သင်္ဘောတွေကို အပိုင်စီးခဲ့ပြီး ဒေါ်လာသန်းပေါင်းများစွာ ပြန်ပေးငွေတွေ ရပြီးတဲ့နောက် ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။